မဲခေါင်၊ ဩဂုတ် ၁၅
ရာစုနှစ်ချီပြီး ၁၃၃ နှစ်ကြာ ရပ်တည်ခဲ့သော ကမ္ဘာကျော် အမေရိကန်ဓာတ်ပုံဖလင် ကုမ္ပဏီကြီးသည် ငွေကြေးအကြပ်အတည်းဆိုက်နေသဖြင့် လုပ်ငန်းရပ်ဆိုင်းရဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံသူများကို သတိပေးထုတ်ပြန်သွားခဲ့သည်။
ဩဂုတ် ၁၁ ရက်နေ့က ဒုတိယ ၃ လပတ် ဝင်ငွေစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် လုံလောက်သော ဝင်ငွေမျိုး မရခဲ့ဘဲ နောက်လာမည့်အရစ်ကျ ပေးချေနေရသော အကြွေး ဒေါ်လာသန်း ၅၀၀ ပေးရန် မတတ်စွမ်းနိုင်တော့ကြောင်း၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး သံသယကြီးမားစွာ ထားရှိနေရပြီ ဖြစ်ကြောင်း၊ ကာလရှည်စီမံကိန်းဖြင့် လုပ်ငန်းရပ်တည်နိုင်ရေး ကြိုးစားအကောင်အထည်ဖော်နေသော်လည်း မရေရာသော စီးပွားရေးပတ်ဝန်းကျင်အခြေအနေ ဖြစ်နေရသည့်အတွက် လွန်စွာခက်ခဲသွားခဲ့ပြီ ဟု အမှုဆောင်ချုပ် ဂျင်ကွန်တီနန်ဇာက ဖွင့်ဟသွားခဲ့သည်။
လက်ရှိအခြေအနေများကို ပြေလည်နိုင်စေရန် ပင်စင်စားဝန်ထမ်းများအတွက် ပေးချေမှု ခေတ္တရပ်ဆိုင်ခြင်းနှင့် အခြားငွေဖြစ်လွယ်စေမည့် အစီအစဉ်များ ချမှတ်ဖွယ်ရှိနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ရမ့်က နိုင်ငံ စီးပွားရေးဝင်ငွေများ တိုးတက်ကောင်းမွန်လာစေရေး နိုင်ငံတကာကို သွင်းကုန် အခွန်စည်းကြပ်မှုများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း Kodak အပါ ကင်မရာ၊ ဖလင်၊ ပုံနှိပ် အသုံးအဆောင်စက်များသည် ပြည်တွင်းထုတ်များသာဖြစ်နေသောကြောင့် အကျိုးသက်ရောက်မှုလည်း မရှိနိုင်ခဲ့ဟု ဂျင်ကွန်တီနန်ဇာက ဆိုသည်။
ယင်းအခြေအနေကြောင့် Eastman Kodak (KODK) ရှယ်ယာစျေးနှုန်းများသည် ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းမှာပင် ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
Kodak ကုမ္ပဏီကို ၁၈၉၂ ခုနှစ်က George Eastman စတင်ထူထောင်ခဲ့ပြီး ၁၈၈၈ ခုနှစ်တွင် အမေရိက၌ ပထမဆုံး ကင်မရာကို စတင်ထုတ်လုပ်ခဲ့ကာ ကင်မရာတစ်လုံး ၂၅ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။
၂၀ ရာစုနှစ်အတွင်း Kodak သည် ဓာတ်ပုံလောကစျေးကွက်အား ပြိုင်ဘက်ကင်း အုပ်စိုးမင်းမူနိုင်ခဲ့ကာ အမေရိကန်ရုပ်ရှင်လောက ရောင်းကုန်များ၏ ၉၀ ရာခိုင်နှုန်း၊ ကင်မရာရောင်းအား၏ ၈၅ ရာခိုင်နှုန်းကို အုပ်စိုးနိုင်ခဲ့ပြီး ၁၉၇၅ တွင် ပထမဆုံး ဒစ်ဂျစ်တယ် ကင်မရာ တီထွင်နိုင်ခဲ့သည်။
နောက်ပိုင်း နည်းပညာပိုင်း အားမကောင်းတော့သောကြောင့် ၂၀၁၂ ခုနှစ်တွင် အကြွေး ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံတင်ရှိကာ မြီးရှင်ပေါင်း ၁၀၀၀၀၀ ကျော် ရှိခဲ့ပြီး ဒေဝါလီခံခဲ့ရသည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ကင်မရာ
#Kodak
#ရှယ်ယာတန်ကြေး
#ဓာတ်ပုံ








