မဲခေါင်၊ ဩဂုတ် ၂
တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းက ကြီးစိုးခဲ့သည့် ငွေကြေးခဝါချမှု ဒုစရိုက်ဂိုဏ်း (Triad syndicate) တစ်ခုအား ဟောင်ကောင်ရဲတပ်ဖွဲ့က ၂ နှစ်ခွဲကြာ စုံစမ်းခဲ့ရပြီးနောက် မြို့တော်အနှံ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ ပေါင် ၁၁၅ သန်းတန် ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ရာတွင် ထူခြားစွာ ဖြင့် ကမ္ဘာ့အကြီးဆုံး လာဘူဘူး အရုပ်ကြီးတစ်ခုပါ သိမ်းဆည်းရမိခဲ့သည်။
ယင်းရာဇဝတ်ဂိုဏ်းသည် ငွေကြေးခဝါချမှုပမာဏ ပေါင် ၄ ဘီလီယံအထိကို ကျူးလွန်ခဲ့သည်ဟု သံသယရှိခံထားရကာ ဇူလိုင် ၂၉ ရက်၌ Operation HIDDENARROW စီမံကိန်းဖြင့် ဟောင်ကောင်ရှိ နေရာများစွာကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးရာ ၄၄ နစ်အရွယ် ဂိုဏ်းခေါင်းဆောင် အပါအဝင် ၁၉ နှစ်နှင့် ၇၈ နှစ်ကြား အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၈၂ ယောက် ဖမ်းဆီးရမိခဲ့သည်။
လက်ငင်းသိမ်းဆည်းရမိမှုတွင် ငွေသား ယူရို ၇ သိန်း ၈ သောင်း၊ ဝိုင်ပုလင်းပေါင်း ၁၁၀၀၀၊ တန်ဖိုးကြီးနာရီများနှင့် ရွှေများအပြင် ၅ ပေ ၂ လက်မ အမြင့်ရှိသော ကမ္ဘာ့အကြီးဆုံး လာဘူးဘူ အရုပ်ကြီးပါ အံ့အားသင့်ဖွယ် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
တရားဝင်ဟန်ပြ ကုန်သွယ်မှုအနည်းငယ်ကို လုပ်ဆောင်ပြပြီး နောက်ကွယ်တွင် အကြီးအကျယ် ငွေကြေးခဝါချမှုလုပ်ငန်းများ၊ ချေးငွေလုပ်ငန်းများ၊ အတိုးအဆမတန်တွက်ချက်ပြီး လိမ်လည် ကုန်သွယ်သည့် လုပ်ငန်းများကို အဓိက လုပ်ဆောင်ကြသူများထံမှ မည်သည့်အတွက်ကြောင့် လာဘူဘူးရုပ်ကြီး တွေ့ရှိရသည်ကို ရဲတပ်ဖွဲ့လည်း မဝေခွဲနိုင်သေးဟု သိရသည်။
ယင်းလာဘူဘူး ရုပ်သည် ကုမ္ပဏီမှ ကမ္ဘာတစ်ဝန်းအထူးအော်ဒါအဖြစ် ၁၅ ရုပ်သာ ထုတ်လုပ်သော ကမ္ဘာ့အကြီးဆုံး လာဘူဘူးရုပ်ဖြစ်ကာ ဇွန်လက ပေကျင်းတွင် လေလံပွဲတစ်ခု၌ ပေါင် ၁၁၃၀၀၀ ဖြင့် လေလံဆွဲသွား သည့် အရုပ်မျိုးဖြစ်သည်။
လာဘူဘူး အရုပ်ဒီဇိုင်းကို ဟောင်ကောင်ဖွား အနုပညာရှင် ကာဆင်လန်း ဆိုသူ ဒီဇိုင်းထုတ်ခဲ့ရာမှ ယနေ့ ကမ္ဘာပေါ်၌ လူကြိုက်အများဆုံး အရုပ်ဇာတ်ကောင်ဖြစ်လာကာ လာဘူဘူး ကုမ္ပဏီ တန်ကြေးသည်လည်း ပေါင် ၃၁ ဒသမ ၆ ဘီလီယံအထိ မြင့်တက်သွားခဲ့သည်။
ရီဟားနာ၏ လက်ကိုင်အိတ်၊ ကင်ကာဒက်ရှန်နှင့် ဒေးဗစ်ဘက်ခမ်းမိသားစုမှ ထုတ်လုပ်သည့် ကမ္ဘာကျော်ဘရန်းများထက်ပင် ပိုပြီး ထွန်းပေါက်သွားခဲ့သည့် လာဘူဘူး အရုပ်ကို ၁၃ နစ်အရွယ် သမီးဖြစ်သူ ဟာပါ ကြိုက်လွန်းသဖြင့် ရှားပါး Edition ထုတ် အရုပ် ဝယ်ထားရသည်ဟုပင် ဒေးဗစ်ဘက်ခမ်းမှ ပြောကြားခဲ့ဖူးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဟောင်ကောင်
#ငွေကြေးခဝါချမှု
#ရာဇဝတ်ဂိုဏ်း
#လာဘူဘူးအရုပ်








