မဲခေါင်၊ မေ ၁၆
မေ ၁၄ ရက်နေ့တွင် အစ္စရေး၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်း၊ ဂျာဘာလီယာတွင် ကလေး ၂၂ ယောက်အပါ အယောက် ၇၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုသည် ယင်းတိုက်ခိုက်မှုမတိုင်မီရက်တွင် ပါလက်စတိုင်း နယ်မြေအတွင်း ဟားမက်စ်များကို အပြီးတိုင် မသုတ်သင်နိုင်မချင်း ထိုးစစ်ကိုရပ်တန့်စရာ အကြောင်းမရှိဟု ကြေညာခဲ့ပြီးနောက် ယခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂျာဘာလီယာသို့ တိုက်ခိုက်ရာတွင် တစ်ရက်ကြိုပြီး ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအရပ်၌ ဟားမက်စ်တို့၏ စစ်ရေးအခြေစိုက်စခန်းများရှိကာ ဒုံးပစ်စင်များပင် ပါဝင်နေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ရန် လိုအပ်ခြင်းဖြစ်သည်ဟုသာ အစ္စရေးဘက်က ဖြေရှင်းထုတ်ပြန်သည်။
နက်တန်ယာဟုက ဂါဇာအတွင်း ဟားမက်စ်တို့၏ နောက်ဆုံး အဆုံးသတ်နေ့ကို သတ်မှတ်ပေးရန် အလုံးစုံထိုးစစ်ဆင်နွှဲရန်မှာ ရက်ပိုင်းသာလိုတော့သည်ဟု ကြုံးဝါးအပြီး ဒေါ်နယ်ထရမ့် ဆော်ဒီသို့ရောက်ရှိနေစဉ် ဟားမက်စ်ဘက်မှ ဓားစာခံအဖြစ် ဖမ်းဆီးထားသော အမေရိကန် တစ်ယောက်ကို လွှတ်ပေးခဲ့သော်လည်း ထိုအရေးကို နက်တန်ယာဟုဘက်မှ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပေ။
ယင်းစစ်ပွဲသည် ၂၀၂၃ ခုနှစ်က ဟားမက်စ်များ အစ္စရေးတောင်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ကာ အရပ်သား ၁၂၀၀ ကို သတ်ဖြတ်၊ ဓားစာခံ ၂၅၀ ကျော် ဖမ်းဆီးသွားရာမှ စတင်ခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၅၂၉၂၈ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ မတ် ၁၈ ရက်တွင် အစ္စရေးသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းပြီးနောက် ပြန်လည်တိုက်ခိုက်မှုမှာပင် အယောက် ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ကိုကလင်း
Ref: columbian
#MeKongNews
#ဂါဇာ
#ဟားမက်စ်
#အစ္စရေး
#ပါလက်စတိုင်း








