မဲခေါင်၊ မေ ၁၄
မတ် ၂၈ ရက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့သည့် ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လက်စစာရင်းစစ်ရုံး ရှာဖွေကယ်ဆယ်မှုလုပ်ငန်းစဉ်များကို မေ ၁၃ ရက်တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး ယင်းအဆောက်အအုံနှင့်ပတ်သက်ပြီး ၁၇ ယောက်ကို ဖမ်းဆီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်ခြင်းကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့သလို ဘန်ကောက်တွင်လည်း ဆောက်လက်စ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုကြောင့် ၉၆ ဦးသေဆုံးကာ ရှာဖွေမှု ရပ်ဆိုင်းလိုက်ချိန်တွင် ပျောက်ဆုံးကျန်ရစ်သူ ၇ ဦး ကျန်ရှိကြောင်း သိရသည်။
ယင်းတရုတ်ဖက်စပ် တည်ဆောက်မှုလုပ်ငန်းတွင် အရည်အသွေးမပြည့်သည့် သံထည်များ အသုံးပြုမှုနှင့်ပတ်သက်ပြီး ထိုင်းအင်ဂျင်နီယာကောင်စီ၊ ချူလာလောက်ကွန်းတက္ကသိုလ် အင်ဂျင်နီယာဌာနတို့မှ စစ်ဆေးမှုများစွာ လုပ်ဆောင်ခဲ့ပြီးနောက် တာဝန်ရှိသည့် လုပ်ငန်းခွင်ကန်ထရိုက်တာများ၊ စီမံကိန်း စူပါဗိုက်ဆာနှင့် အင်ဂျင်နီယာ စုစုပေါင်း ၁၇ ဦးကို ဖမ်း၀ရမ်းထုတ်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ဘန်ကောက်စာရင်းစစ်ရုံး
#စစ်ကိုင်းငလျင်
#ဆောက်လက်စ
#ထိုင်းအင်ဂျင်နီယာကောင်စီ








