မဲခေါင်၊ ဧပြီ ၂၁
စစ်ကောင်စီ၏ စစ်ဦးစီးချုပ်ရုံးရှိရာ နေပြည်တော်နယ်မြေ၊ ဥတ္တရသီရိမြို့နယ်လမ်းပိုင်း တစ်နေရာတွင် အမှတ် (၁၃) တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ်မှူးအဆင့်နှင့် အဖွဲ့အား ဧပြီလ ၁၉ ရက်တွင် ဖမ်းမိကြောင်း OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။
၎င်းလမ်းပိုင်းအား ထိန်းချုပ်စစ်ဆေးစဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၃ နာရီကျော်ကြာ ထိန်းချုပ်စစ်ဆေးနိုင်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာရာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး သွားကြောင်း OPRF-PLA တာဝန်ခံ ရဲဘော်ကျော်ကြီးက မဲခေါင်ကိုပြောသည်။
ဖမ်းဆီးရမိသူများမှာ အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲမှ တပ်ကြပ် အောင်ဇော်နိုင်နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့ဖြစ်ကြောင်း သိရသည်။
နေပြည်တော်နယ်မြေအတွင်းထဲအထိ ဝင်ရောက်ပြီး လမ်းပိုင်းစစ်ဆေးထိန်းချုပ်မှု ပြုလုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့သည်မှာ တော်လှန်ရေး၏ အရွေ့တစ်ခုကို ပြသရာရောက်ကြောင်း CDM တပ်မတော်သား ကိုဇေယျကသုံးသပ်သည်။
“နေပြည်တော်နဲ့တော်တော်နီးနေတဲ့ အနေအထားလို့ပြောလို့ရတယ်။ စစ်တပ်ဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ လုံခြုံရေးစည်းပေါက်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်ပတ်ပတ်လည်မှာက သူတို့လှုပ်ရှားစစ်ကြောင်းတွေ အများကြီးရှိတယ်။ ဒါမျိုးအခြေအနေတခုမှာ ဒီနားအထိ ကပ်သွားနိုင်တယ်ဆိုတာက လက်နက်ကိုင်တော်လှန်ရေးရဲ့ အရွေ့တခုကို ပြသရာရောက်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသော်လည်း စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ၊ ငွေကြေးများ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော် သိမ်းဆည်းနိုင်ခဲ့ပြီး OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှ ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂနိုက်
#MeKongNews
#နေပြည်တော်နယ်မြေ
#PLA
#ဥတ္တရသီရိမြို့နယ်
#ဗိုလ်မှူးဖြိုးမင်းကျော်








