လိုင်စင်မဲ့ကား ခေါင်းစဉ်တပ်ပြီး လိုင်စင်ကားများပါဖမ်းသူ ကျိုင်းတုံ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးကို တောင်ကြီးပြည်နယ်ရုံးသို့ ပြောင်းရွှေ့တွဲဖက်
မဲခေါင်၊ မတ် ၂၆
လိုင်စင်မဲ့ကား အကြောင်းပြကာ လိုင်စင်ရှိကားများကိုပါ ဖမ်းဆီခဲ့သည့် ကျိုင်းတုံမှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီသန့်ဇင်ကို တောင်ကြီးပြည်နယ်ရုံးသို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဒုရဲမှူးကြီးသန့်စင်ကို ယမန်နေ့ မတ်လ၂၅ ရက်တွင် ပြောင်းရွှေ့တွဲဖက်လိုက်ခြင်းဖြစ်ပြီး ကျိုင်းတုံ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနေရာသို့ တောင်ကြီး ရှမ်းပြည်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးမောင်မောင်အေးကို ခေတ္တတာဝန်ပေးအပ်ထားကြောင်းသိရသည်။
“တွဲဖက်တယ်ဆိုတာ အရေးယူစရာရှိလို့ တွဲတာပါ။ တာဝန်မပေးပါဘူး။ သက်သေခံအကျဥ်းချုပ် ဆက်ယူဖို့ရှိတယ်။ ဒုပြည်နယ်မှူးက ခဏသွားကိုင်ရတာပါ၊ အစားထိုးက ရက်ပိုင်းအတွင်း အမိန့်ထွက်လိမ့်မယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက မဲခေါင်သို့ပြောသည်။
တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ကားများဖမ်းဆီးရာ၌ အလွဲသုံးစားမှုများရှိပြီး လိုင်စင်ရှိသည့် ကားများကိုပါ ရောနှောဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရသည့် ကားအချို့ စာရင်းပျောက်နေခြင်းနှင့် ပတ်သက်ပြီး ဒုရဲမှူးကြီး သန့်စင်အပါအဝင် ရဲအရာရှိအချို့ကို တာချီလိတ်မြို့တွင် မတ်လ ဒုတိယပတ်အတွင်း၌ နေပြည်တော် စသုံးလုံးက လာရောက်စစ်ဆေးခဲ့သည်။
ဖေဖော်ဝါရီလ ပထမပတ်အတွင်း တာချီလိတ်မြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများ၊ ကားအလှဆင်ဆိုင်များနှင့် ကားရေဆေးခုံများ အပါအဝင် နေရာ ၂၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ကားအစီးရေ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းဖမ်းဆီးမှုများအတွင်း IC ကားရေဆေးခုံနှင့်ကားဝပ်ရှော့မှ ကားပြင်ဆရာများ၊ အရောင်းစာရေးမ အပါအဝင် လူ ၉ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။
မဟာ
#MeKongNews








