မြန်မာအလုပ်သမားတွေ လာအိုနိုင်ငံမှာ လုပ်ခလစာအပြည့်မရတဲ့အပြင် ဖိနှိပ်ခံနေရ
မဲခေါင် ၊ ဇန်နဝါရီ ၂
ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံအတွင်း အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလစာအပြည့်မပေးတဲ့အပြင် ဖိနှိပ်မှုတွေရှိနေတယ်လို့ လုပ်သားတွေဆီက သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ကန်ထရိုက်ဖြစ်သူ တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလုပ်စာထုတ်မပေးတာတွေရှိတဲ့အပြင် လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံဟာ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိတာကြောင့် တရားမဝင်(အောက်လမ်းက) သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ရွှေတြိဂံဧရိယာအတွင်းက တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကာစီနိုမြို့သစ်အတွင်း အလုပ်လုပ်နေတာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြေသယ်ကားကြီးမောင်းတဲ့ထဲက မြန်မာကားကြီးမောင်းတဲ့တစ်ယောက်ကို ဗီယက်နမ်နိုင်ငံသား ကားကြီးမောင်းတဲ့သူကရိုက်သွားတာ တရုတ်လုပ်ငန်းရှင်က မရှင်းပေးဘူး၊ အလုပ်သမားရေးရာရုံးတော့ရှိတယ်၊ တခြားနိုင်ငံသားတွေထက် မြန်မာဆိုရင် တအားနှိမ်တာ”လို့ လာအိုနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ လာအိုနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းကနေ မယ်ခေါင်မြစ်ကိုဖြတ်ပြီး တရားမဝင်သွားရောက်ရတာပါ၊ လာအိုရောက်ပါက လုပ်ငန်းရှင်သူဌေးက ကာစီနိုဧရိယာအတွင်း အလုပ်လုပ်ဖို့ အလုပ်သမားကဒ်နဲ့ နေထိုင်ခွင့်ကို တရုတ်ငွေ ယွမ် ၅၀၀ ကနေ ယွမ် ၁၅၀၀ အထိပေးပြီးပြုလုပ်ထားရတယ်လို့ သိရပါတယ်။
နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကဒ်ရမှ သက်ဆိုင်ရာ ဆောက်လုပ်ရေးနဲ့ စားသောက်ဆိုင် ကာစီနိုလုပ်ငန်းတွေမှာ မြန်မာတွေ အလုပ် လုပ်ခွင့်ရတာဖြစ်တယ်လို့သိရပါတယ်။
ရွှေတြိဂံဧရိယာဖြစ်တဲ့ လာအိုနိင်ငံအတွင်းက ကာစီနိုမြို့တော်ဟာ ကီလို ၁၀၀ ပါတ်ဝန်းကျင်အကျယ်အဝန်းရှိပြီး တရုတ်လုပ်ငန်းရှင်နဲ့ လာအိုအစိုးရတို့ဟာ ၂၀၀၆ ခုနှစ်လောက်ကတည်းက နှစ်ပေါင်း ၁၀၀ အငှါးစာချုပ်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ကာစီနိုဧရိယာအတွင်း မြန်မာလုပ်သား ၅၀၀၀၀ ခန့်ရှိကာ လုပ်ငန်းခွင့်အနီး မြန်မာအလုပ်သမားများနေထိုင်တဲ့ ကျေးရွာတည်ရှိတယ်လို့သိရပါတယ်။
MK-002
#MeKongNews








