ရှမ်းပြည်နယ်ရဲမှူး ရဲမှူးချုပ်ဝင်းမင်းသိန်း နေပြည်တော်ပြောင်း၊ အမှတ် (၂) နယ်ထိန်းခေါင်းဆောင်နေရာကို လာဘ်ငွေအများဆုံးပေးနိုင်သူကို ခန့်အပ်ခဲ့
မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်တွင် ၂နှစ်နီးပါး တာဝန်ထမ်းဆောင်သွားသည့် ရဲမှူးချုပ်ဝင်းမင်းသိန်းမှာ မတ်လ ၂၂ရက်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ရပြီး ၎င်းနေရာတွင် ရဲမှူးချုပ်ကျော်ကျော်ဟန် ရောက်ရှိလာကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ရှမ်းပြည်နယ်ရဲမှူးချုပ် ဝင်းမင်းသိန်းမှာ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့် နှိပ်စက်လေ့ရှိသူဖြစ်ကြောင်း၊ ထိုသို့ပြောင်းရွှေ့ရသည့်အတွက် လက်အောက်ငယ်သားများလည်း ဝမ်းသာကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လက်အောက်ငယ်သားတွေကို ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေရှိတယ်။ တချို့ကိုဆိုရင် အုတ်နံရံနဲ့ ခေါင်းနဲ့ တိုက်တာမျိုးတွေလုပ်တယ်” ဟု ၎င်းကပြောသည်။
၎င်းမပြောင်းရွှေ့မီ တောင်ကြီး အမှတ်(၂) ရဲစခန်း၌ နယ်ထိန်းခေါင်းဆောင်နေရာလစ်လပ်နေရာ အလားအလာရှိသည့် ရဲများအားလုံးထဲမှ လာဘ်ငွေယူခဲ့ပြီး လာဘ်ငွေအများဆုံးပေးနိုင်သူ ဒုရဲအုပ်နောင်နောင်အား နယ်ထိန်းခေါင်းဆောင် ခန့်အပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
“လေလံသဘောမျိုးလုပ်ပြီး အားလုံးထဲကနေ ငွေယူတယ်။ ဒါပေမယ့် အများဆုံးပေးနိုင်တဲ့လူကို ခန့်လိုက်တော့ ကျန်တဲ့ရဲတွေက ငွေလည်းဆုံး ရာထူးလည်းမရဖြစ်ကုန်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရဲမှူးချုပ်ဝင်းမင်းသိန်းမှာ ၂၀၂၃ ခုနှစ် မေလတွင် ရှမ်းပြည်နယ်ရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူးများထံမှ လစဉ်ကြေးများ ရယူသလို အခမ်းအနားများရှိပါက နိုင်ငံတော်မှ ပေးသည့် အခမ်းအနားစရိတ်ကို ၎င်းကရယူကာ ကုန်ကျစရိတ်ကို အောက်မှ ဝန်ထမ်းများအား စိုက်ထုတ်ခိုင်းကြောင်း သိရသည်။
#MeKongNews








