MNDAA ဖမ်းဆီးထားသည့် မနန်းယိင်းဟွမ်အား ပြန်လွှတ်ပေးရန် အမျိုးသမီးအဖွဲ့များ တိုက်တွန်း
မဲခေါင်၊ မတ် ၃
ကိုးကန့်တပ် MNDAA မှ အသက် (၁၅)နှစ်အရွယ် မနန်းယိင်းဟွမ်ကိုဖမ်းဆီးထားသည်မှာ ၁ လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသည့်အတွက် အမျိုးသမီးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့များမှ ပြန်လွှတ်ပေးရန် တိုက်တွန်းကြသည်။
ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းယော်တိုက်နယ်၊ လုံမွန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင်နှစ်ဦးအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တဦးသေဆုံးခဲ့သည့်အပေါ် မနန်းယိင်းဟွမ်ကြောင့်ဟု စွပ်စွဲကာ MNDAA မှဖမ်းဆီးသွားခြင်း ဖြစ်သည်။
“စစ်ပွဲတွေဖြစ်တဲ့အခါမှာ အမျိုးသမီးတွေ၊ ကလေးတွေ အခုဆိုရင်အသက်တောင်မပြည့်သေးတဲ့အမျိုးသမီးတယောက်ကို ဖမ်းသွားတာ၊ ဆက်သွယ်ခွင့်မပေးတာက လုပ်လို့မရဘူး။ ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် ကျူးလွန်တာကိုလက်မခံဘူး။ လွတ်မြောက်လာအောင် အနီးစပ်ဆုံး အမျိုးသမီးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတော့ရှိတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့က မဲခေါင်ကိုပြောသည်။
မနန်းယိင်းဟွမ်ကို ဆက်လက်ဖမ်းဆီးထားပြီး လွတ်မြောက်ခြင်းမရှိပါကလည်း အမျိုးသမီးအဖွဲ့များစုပေါင်းကာ ရှုတ်ချမှုများ ပြုလုပ်သွားမည်ဟု သူက ဆိုသည်။
MNDAA ၏ လုပ်ရပ်သည် ကျား၊မဖြစ်တည်မှုအပေါ်အခြေခံကာ အကြမ်းဖက်ခြင်း (Gender Base Violence) ဖြစ်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန် သျှမ်းကျောင်းသားများသမဂ္ဂပြန်ကြားရေးတာဝန်ခံ မဝမ်ဒါက မဲခေါင်ကိုပြောသည်။
“အပြစ်မရှိတဲ့ပြည်သူတစ်ယောက်လဲဖြစ်တယ် အသက်မပြည့်သေးတဲ့အမျိုးသမီးတယောက်ကိုအခုလိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးထားတာက မဖြစ်သင့်ပါဘူး လူ့အခွင့်အရေးချိုးဖောက်တာလဲဟုတ်တယ်၊ အမြန်ဆုံးပြန်လွတ်ပေးစေချင်ပါတယ်” ဟုဆိုသည်။
မနန်းယိင်းဟွမ်သည် မိုင်းယော်တိုက်နယ် လုံမွန်ကျေးရွာဇာတိဖြစ်ပြီး မိုင်းယော်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည့်အပြင် MNDAA တပ်သားများနှင့် မည်သို့မျှမပတ်သက်ကြောင်းသိရသည်။
လက်ရှိ MNDAA တပ်၏ ဖမ်းဆီးခြင်းခံထားရသူ မနန်းယိင်းဟွမ်၏ကျန်းမာရေးအခြေအနေနှင့် နေထိုင်နေရမှုများအပါအဝင် ဖမ်းဆီးထားခြင်းအကြောင်းအရာများအား MNDAA ပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်နိုင် (ခ) လီကျားဝင်းကို မဲခေါင်မှ ဆက်သွယ်မေးမြန်းနေပေမဲ့အကြောင်းပြန်ခြင်း မရှိသေးပေ။
တော်လှန်ရေးကာလအတွင်းတွင် တော်လှန်ရေးရဲဘော်များ ကိုယ်တိုင်မှ လိင်အမြတ်ထုတ်ခြင်း၊လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းနှင့်အသက်အန္တရာယ်ထိခိုက်စေသော ဖြစ်စဉ်တွေ/ ခြိမ်းခြောက်မှုများအား နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီးတာဝန်ရှိ အဖွဲ့အစည်းများ ဝင်ရောက်ထိန်းသိမ်းရန် အထူးလိုအပ်နေသည့်အခြေအနေဖြစ်ကြောင်း ရှိ/Shield အမျိုးသမီးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မမိုးသဲစေက မဲခေါင်ကို ပြောသည်။
“ယခုကိစ္စကိုလည်း ကျမတို့ ရှိ/ Shield အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကောင်းမွန်စွာဖြေရှင်းနိုင်ဖို့ မျှော်လင့်ရင်း စောင့်ကြည့်နေပါတယ်။ အဆိုပါ အမျိုးသမီးလေးရဲ့ တရားမျှတမှုအတွက် လိုအပ်လာရင် ကျမတို့အနေနဲ့လည်း ဒေသခံအမျိုးသမီးအဖွဲ့များနဲ့ ပါဝင်ကူညီအားဖြည့်ပေးဖို့လည်း အသင့် ရှိတယ်ဆိုတာ ပြောချင်ပါတယ်”ဟုဆိုသည်။
မတ် ၁ ရက်ကလည်း ရှမ်းအရပ်ဖက် ၁၂ ဖွဲ့မှ တရုတ်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အသက်မပြည့်သေးသော အမျိုးသမီးငယ်ပြန်လွှတ်ရေးအပါအဝင် လူ့အခွင့်အရေးကူညီစောင့်ရှာက်ပေးရန်တောင်းဆိုခြင်းဆိုသော အိတ်ဖွင့်ပေးစာတစောင်အား တရုတ်၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံရုံးများအားပေးပို့ခဲ့သည်။
အသက် ၁၅ နှစ်အရွယ် မနန်းယိင်းဟွမ်ပြန်လည်လွတ်မြောက်ရန် ”Free Nang Ying Hom”၊”MNDAAတပ်ဖွဲ့မှဖမ်းဆီးသွားသောနန်းယိင်းဟွမ်ကိုအမြန်လွတ်ပေးပါ”၊Speakout၊Civilian is not Hostage” အစရှိသည့် စာသားများပါဝင်သည့် အွန်လိုင်းလှုပ်ရှားများအား ရှမ်းအရပ်ဖက်အဖွဲ့များနှင့် ရှမ်းလူမျိုးများမှလူမှုကွန်ယက်စာသားများတွင် ဖော်ပြနေသည်။
ဂနိုက်
#MeKongNews








