အမေရိကန်၏ ပြည်ပအကူအညီရပ်ဆိုင်းခြင်းမူဝါဒ ကရင်နီပြည်မှ စစ်ရှောင် ငါးသောင်းကျော်ကို ထိခိုက်
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၃
အမေရိကန်နိုင်ငံ ထရမ့်အစိုးရ၏ ပြည်ပအကူအညီရပ်ဆိုင်းရေး မူဝါဒသည် ကရင်နီပြည်၌ စစ်ဘေးရှောင်နေကြသည့် ပြည်သူ ငါးသောင်းကျော်ကို ထိခိုက်စေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး( ၂) ဦးဗညားကပြောသည်။
“ဒါက ကျွန်တော်တို့နဲ့ လက်လှမ်းမှီပြီး အလုပ်လုပ်နေတဲ့ CSO Funding တွေအရဖြစ်တာပေါ့နော်၊ အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်ကောက်နေပါတယ်” ဟု ဦးဗညားကပြောသည်။
အမေရိကန်ကူညီထောက်ပံ့မှု ဖြတ်တောက်လိုက်ခြင်းကြောင့် Humanitarian အတွက် ဒေါ်လာ ၁ ဒဿမ ၆ သန်း၊ ပညာရေးအတွက် ၃ သန်း၊ ကျန်းမာရေးအတွက် ၁ သန်း၊ Local Good Governace အတွက် ၁ သန်း စုစုပေါင်း ၆ ဒဿမ၆ သန်းခန့် ထိခိုက်သည်ဟု သိရသည်။
လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် ထိခိုက်မှုရှိပြီး လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်က ထိခိုက်မှုပိုများကာ စစ်ဘေးရှောင်ပြည်သူများ၏ ရှင်သန်ရပ်တည်ရေးအတွက် ပိုမိုခက်ခဲလာသည်။
စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးပိုင်း၊ ပညာရေးပိုင်း ဖြတ်တောက်ခံရသဖြင့် စစ်ရှောင်ပြည်သူများ ယခင်ကထက် အခက်အခဲများ ပိုကြုံတွေ့နိုင်သည်ဟုဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်တွင် ထိုင်း-ကရင်နီနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ IRC လက်အောက်ရှိ ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းစဉ်များကို ရပ်ဆိုင်းပြီး လူနာများ နေအိမ်ပြန်လွှတ်ခြင်းခံခဲ့ရသည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်ပြည်သူ သုံး သိန်းကျော်ရှိကာ စစ်ဘေးရှောင်ကာလ လေးနှစ်နီးပါးရောက်ရှိလာရာ စားနပ်ရိက္ခာ ၊ မိုးကာ၊ သောက်သုံးရေ၊ ဆေးဝါးများလိုအပ်ပြီး အမေရိကန်၏ ကူညီထောက်ပံ့မှုပါ ရပ်ဆိုင်းခံရသဖြင့် ပိုမိုအခက်အခဲကြုံတွေ့နေရသည်။
မြူနှင်း
#MeKongNews








