ဒေသတွင်းမှာ အခွင့်ကောင်းယူ ခိုးဆိုးလုယက်သူတွေကို အရေးယူနိုင်ဖို့ အင်းလေးအမျိုးသမီးသမဂ္ဂက မှတ်တမ်းတင်ထားရှိ
မဲခေါင်၊ နိုဝင်ဘာ ၂၀
ညောင်ရွှေအနီးဝန်းကျင် ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်ပွါးချိန် ပြည်သူတွေ စစ်ရှောင်တဲ့အခါ မသမာသူတွေက နေအိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေ ခိုးယူကြတာကြောင့် တချိန်မှာအရေးယူနိုင်ဖို့ မှတ်တမ်းတင်ထားရှိတဲ့ အစီအစဉ်တရပ်ပြုလုပ်နေတယ်လို့ အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့(IWU)က ပြောပါတယ်။
စစ်ကောင်စီအုပ်ချုပ်နေစဉ်အတောအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွါးချိန် ပြည်သူမှာ အသက်လုပြေးနေရတာကို အခွင့်ကောင်းယူပြီး အိမ်မှာကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ခိုးဆိုးလုယက်သူတွေ ပိုမိုများပြားသလို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေကလည်း ခိုးဆိုးလုယက်မှုတွေ ပြုလုပ်နေကြတာကြောင့် သူတို့ရဲ့ ပြစ်မှုဆိုင်ရာ မှတ်တမ်းတွေကိုလည်း သက်သေနဲ့တကွ သိမ်းဆည်းထားတယ်လို့ဆိုပါတယ်။
“တော်လှန်ရေးမှာ စစ်အာဏာရှင် ပြုတ်ကျရုံနဲ့ မပြီးဘူး၊ ကောင်းတဲ့အရွေ့တခုကို သွားချင်တဲ့အတွက် ခုကတည်းက အကျင့်ဆိုးတွေ စနစ်ဆိုးတွေကိုတိုက်ထုတ်သွားဖို့လိုတယ်၊ ခုချိန်အရေးမယူနိုင်ပေမယ့် မှတ်တမ်း သက်သေတွေနဲ့ သိမ်းပြီး နောင်တချိန်မှာ အရေးယူနိုင်ဖို့ ရွာသားတွေနဲ့ ပူးပေါင်းပြီးလုပ်ဖြစ်တာပါ”လို့ IWU အဖွဲ့ဝင်အမျိုးသမီးတယောက်က ပြောပါတယ်။
IWU အဖွဲ့အနေနဲ့ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က ကျေးရွာတွေမှာ “ပြည်သူ့အိုးအိမ်စည်းစိမ်များအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ”စာသားပါ ပိုစတာတွေကိုနိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ပိုစကာကပ် အသိပေးမှု ပြုလုပ်ခဲ့ပါသေးတယ်။
“ လုပ်ရတဲ့ ရည်ရွယ်ချက်က ခိုးဆိုးလုယက်တွေ ပိုများလာလို့”လို့ပြောပါတယ်။
‘ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ကြ’ ဆိုတဲ့ စာတမ်းကို မြန်မာစာ၊ ပအိုဝ်းစာ၊ ရှမ်းစာတွေပါဝင်တဲ့ ပိုစတာပြုလုပ်ပြီး အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF -အမှတ် (၁၀၀၉) တပ်ရင်း၊အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU)၊အင်းလေးဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု့အဖွဲ့ (IFDM)၊Nyaung Shwe (BOE)ပညာရေးဘုတ် အဖွဲ့ ၊Inle Medical Teamတို့က ကျေးရွာ ၁၁ရွာမှာ ပိုစတာတွေ လိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ။ IWUမှပေးပို့
CJ-004
#MekongNews









