မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းအရှေ့၊တာချီလိတ်ကို လေယာဥ်နဲ့လာသူတွေမှာ မသင်္ကာပါက မှတ်ပုံတင် သိမ်းဆည်းခံနေရတယ်လို့ သိရပါတယ်။
လေဆိပ်တာဝန်ကျ လုံခြုံရေးက သိမ်းတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကစပြီး ကျန်းမာရေးအတွက်ဆိုကာ Medicalform မဖြစ်မနေ ဖြည့်နေရတယ်လို့ သိရပါတယ်။
တာချီလိတ်က လိပ်စာ တစ်ခုခုကို မဖြစ်မနေ ဖြည့်စွက်ရပြီး မဖြည့်နိုင်ပါက မှတ်ပုံတင်ကိုသိမ်းတာတွေ့ရတယ်လို့ ခရီးသွား တစ်ဦးထံက သိရပါတယ်။
“ပြည်ပလေဆိပ်တွေလို မသင်္ကာရင် passport သိမ်းသလို ပြည်တွင်းမှာလုပ်လာတာပါ၊ ထိုင်းဘက်သွားနိုင်လို့ ကြပ်တာ၊ ညှိရင်တော့ပြန်ပေးပါတယ်၊ အတူလာတဲ့သူ ၄၊ ၅ ဦးလောက် မှတ်ပုံတင်သိမ်းလို့ ညှိလို့ ပြန်ပေးတာသိရတယ်၊ ဘယ်လောက် ဘယ်လို ညှိတာတော့ မသိဘူး၊ ကျွန်တော်က တာချီလိတ်မနေဘူး၊ မိုင်းဆတ်လိပ်စာနဲ့မို့ အဆင် ပြေတယ်”လို့ တာချီလိတ်ကို လေယာဥ်နဲ့လာတဲ့ မိုင်းဆတ်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ခရီးသွားလုပ်ငန်းတစ်ခုကတော့ ကိုယ့်ဘက်ကနေ အစစအရာရာ ( အဝတ်စားအစ ၊ စကားအပြောအဆိုအဆုံး) ပြင်ဆင်ထားကြပါလို့ အကြံပြုထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်စစ်မှုထမ်းဥပဒေနဲ့ ပြီးခဲ့တဲ့ သြဂုတ်၂၆ ရက်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့အမိန့်ထုတ်ပြန်ပြီးတဲ့နောက် ပြည်သူတွေ ခရီးသွားလာမှုတွေကို အမျိုးမျိုး ပိတ်ပင်လာနေတာဖြစ်ပြီး အခု တာချီလိတ် လေဆိပ်မှာ ခရီးသွားတွေကို ကျန်းမာရေးဖောင် အကြောင်းပြ ကိုယ်ရေးအချက်အလက်တွေယူတာ၊ မှတ်ပုံတင်သိမ်းတာတွေနဲ့ ချုပ်ချယ်လာတာဖြစ်ပါတယ်။
MK-012








