မဲခေါင်၊ စက်တင်ဘာ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ ၆၊ မြင့်မိုရ်တိုင်းမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က ပြည်သူ့စစ် တစ်သောင်းခွဲနဲ့ အင်အားပြသခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ (စက်တင်ဘာ ၃၀) မနက်ပိုင်း မြင့်မိုရ်တိုင်းရှိ ပေါမူကျေးရွာမှာ PNA က ဒေသခံတွေကို ဖိအားပေး ခေါ်ယူပြီးတော့ အင်အားပြသခဲ့တာပဲ ဖြစ်ပါတယ်။
“အကုန်လုံးက သွားချင်လို့ သွားတာမဟုတ်ဘူး။ စစ်တပ်က လုပ်ခိုင်းမှန်း သိတယ်။ ပအိုဝ်းလူမျိုးက လူနည်းစုဆိုတော့ စည်းလုံးမှရမယ်ဆိုပြီး သွားကြတာ” လို့ ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။
တက်ရောက်ခဲ့သူတွေဟာ အသက် ၁၈ ကနေ ၅၀ အထိ ခေါ်ယူထားတဲ့ ဒေသခံအများစု အပါအဝင် အဓမ္မခေါ်ယူစုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ PNA တပ်သားဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တက်ရောက်ခဲ့သူတွေထဲမှာ အမျိုးသားရှိတဲ့ အိမ်အားလုံး သွားရောက်ရပြီး လမ်းစရိတ်၊ ယူနီဖောင်းကြေးအဖြစ် ငွေကျပ် ၅ သောင်း ထည့်ဝင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
PNA ပြုလုပ်ခဲ့တဲ့ စစ်အင်အားပြပွဲမှာ စစ်လက်နက် မတပ်ဆင်ပေးထားသလို တက်ရောက်တဲ့ သူတွေထဲမှာလည်း စစ်အင်အား တစ်သောင်းခွဲ မရှိနိုင်ဘူးလို့ စစ်ရေးသတင်းအရင်အမြစ်တွေက ခန့်မှန်းပါတယ်။
MK-014













