မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ထဲမှာ RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကွန်ဟိန်းမြို့နယ်ထဲက လိုက်ကမ်နဲ့ နမ့်တွတ် ကျေးရွာတွေဘက်မှာ ဇူလိုင်လ ၂၉ ရက်ထဲက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဘက်တပ်အင်အားတွေဖြည့်လို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ သိရပါတယ်။
“လိုက်ကမ်က ကွန်ဟိန်းနဲ့ နီးနီးလေး ၇ မိုင်ပဲဝေးတာ၊ နမ့်တွတ်နဲ့ ၇ မိုင်၊ မနေ့ကအထိ တိုက်နေဆဲပဲ၊ ဒီနေ့မနက်တော့ အင်အားတွေထပ် ဖြည့်လာတာ ကြားတယ်၊ ကားလမ်းနဲ့ဝေးတဲ့နေရာကဆို လက်နက်ကြီး ပစ်သံတွေကြားရတယ်၊ ကားလမ်းနီးတဲ့နေရာကတော့ တွဲကားတွေ အဆက်မပြတ်သွားနေလို့ မကြားရဘူး၊ ရွာတွေကတော့ မြို့တွေနဲ့အဆင်ပြေတဲ့နေရာ ရှောင်နေကြပြီ” လို့ ကွန်ဟိန်းဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လိုက်ကမ်ကျေးရွာမှာ ပြည်ထောာင်စုလမ်းမအတိုင်း ၇ မိုင်ခန့်ဝေးပြီး လိုက်ကမ်က ၇ မိုင်ခန့်ဝေးတဲ့ နမ့်တွတ်မှာလဲ တိုက်ပွဲတွေဖြစ်ပွားနေကာ ဆိုင်းမွန်း လမ်းခွဲက ဝမ်ဆင်းဘက် မိုင်းနောင်ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရှမ်းမြောက်က ပြေးလာတဲ့ အမျိုးတွေကို စောင့်ရှောက်နေရာက ကိုယ်တိုင်ပြေးဖို့ ကြုံလာရင် အထုပ်တွေပြင်ထားတယ် ဆိုပေမယ့် ဘယ်ပြေးရမှန်းမသိ၊ ပြေးစရာမြေမရှိ၊ ပေးစရာငွေမရှိ၊ အားလုံးတွေးပူနေကြရပြီ” လို့ မိုးနဲဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
စစ်ပွဲတွေ ကူးစက်လာနိုင်တဲ့ ရပ်စောက်၊ ဟိုပုံး၊ မိုးနဲ၊ လင်းခေး စတဲ့မြို့က ဒေသခံတွေ လဲ စိုးရိမ်ထိတ်လန့်စွာနဲ့ စစ်ပွဲအခြေအနေတွေကို စောင့်ကြည့်နေကြပြီး ကြိုတင်စစ်ဘေးရှောင်နိုင်ရန် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့စလုံးက တရားဝင်ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
RCSS ဟာ စစ်ကောင်စီနဲ့ ခေါင်းဆောင်ပိုင်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ကိုင်စွဲထားပါတယ်။ ဇူလိုင် ၂၈ ရက်မှာလည်း ရှမ်းပြည်တောင်ပိုင်းကို ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
SSPP ကတော့ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းနဲ့ အဖြေရှာရလိမ့်မယ်လို့ ဒုဥက္ကဌ စဝ်ခွန်ဆိုင်က SSPP တည်ထောင်ခြင်း နှစ် ၆၀ ပြည့်မှာ ပြောကြောင်း သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (Facebook) ကနေ မေ လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီလို ပြောကြားပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာမရှိကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု က မီဒီယာများကို ပြန်လည်ဖြေရှင်းထားပါတယ်။
MK-012









