မဲခေါင် မေ ၂၁
တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထားခဲ့တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ မြို့တွေမှာ ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ TLEC ပညာရေးကောင်စီက ကြေညာထားတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ PSLA/TNLA ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးနယ်မြေတွေမှာ ဖွင့်လှစ်မယ့် ကျောင်းတွေမှာတော့ ပညာသင်ရန်ပုံငွေအဖြစ် ကျောင်းအပ်နှံခတွေ လက်ခံမှာဖြစ်ပြီး ကျောင်းတွေမှာ သင်ကြားရေးဘက်တာဝန်ယူမယ့် CDM ဆရာ၊ ဆရာမတွေ ၃၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက် က ၁ လကြာစွမ်းရည်မြင့်သင်တန်းကို TNLA အုပ်ချုပ်ရေးနယ်မြေအသီးသီးမှာ ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။
ကျောင်းအပ်နှံခ ၁ နှစ်စာအတွက် မူလတန်းအဆင့် ကျပ် ၁ သိန်း၊ အလယ်တန်းအဆင့် ကျပ် ၁ သိန်းခွဲနဲ့ အထက်တန်းအဆင့် ကျပ် ၂ သိန်းလို့ သတ်မှတ်ထားပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား/သူ အမှန်တကယ် အခက်ခဲရှိသူတွေကိုတော့ သက်ဆိုင်ရာကျောင်းတွေမှာ ဆွေးနွေးညှိနှိုင်းနိုင်တယ်လို့ သိရပါတယ်။
“တစ်လ တစ်သောင်းသွင်းလို့ရတယ်လဲပြောတယ်၊ ၃ ဖြတ်သွင်းရမှာကို ၅၀ % အရင်သွင်း နောက်ကျန်တာကို ၂ ရစ်သွင်းနိုင်တယ်လို့သိရတယ်၊ အခမဲ့ ပညာရေးစနစ်ကို နောက်နှစ်မှာလုပ်နိုင်ဖို့ လူကြီးတွေ စီစဉ်နေပါတယ် ပြန်လည်ထူထောင်ရေးမှာက အစစအရာရာ အကုန်လုံးအသစ်က ပြန်စလုပ်ရတာလေ” လို့ ဒေသခံ ကျောင်းသားမိဘ တစ်ဦးက ဆိုပါတယ်။
စစ်ဘေးသင့်ခဲ့တဲ့ဒေသတွေဖြစ်တာမို့ နေအိမ်မီးလောင်ပျက်စီတာတွေနဲ့ စစ်ဘေးရှောင်ခဲ့ရတာတွေကြောင့် အလုပ်အကိုင် အတည်တကျမရှိတဲ့ မိသားစုတွေရှိနေတာကြောင့် တချို့ကလေးတွေဟာ ကျောင်းတက်ရောက်ဖို့ အခက်အခဲတွေရှိနေပါတယ်။
တအာင်းပညာရေးကောင်စီ(TLEC)က ပညာရေးအတွက် ရနငွေထီရောင်းချမှုတွေလဲ ပြုလုပ်နေတာဖြစ်ပြီး တစ်စောင်ကို ကျပ်(၂)ထောင်နဲ့ ရောင်းချပြီး ဆုကြေးအဖြစ် ကျပ်သိန်း (၅၀၀)အပြင် ဆုမဲပေါင်း (၁၂၀)ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “ဘယ်လိုပေးပေး တစ်သိန်းကတော့ပေးရမှာပါပဲ၊ ခုလို အစစအရာရာ အဆင်မပြေတဲ့အချိန်မှာ အခြေခံလူတန်းစားအတွက် ခက်ခဲနေဦးမှာပါဘဲ၊ စရိတ်မျှပေး ပညာရေးဆိုတော်သေးတယ်၊ တတ်နိုင်တဲ့သူကထည့်၊ မရှိတဲ့သူကတော့ ခလေးတွေ ကျောင်းကို ရောက်လာမယ် မထင်ဘူး”လို့ ပြောပါတယ်။
တအာင်းပညာရေးကောင်စီက ဖွင့်လှစ်မယ့်ကျောင်းတွေကိုတော့ ဇွန်လ ၃ ရက်နေ့မှာ စတင် ကျောင်းအပ်လက်ခံမှာဖြစ်ပြီး တနင်္ဂလာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ သတ်မှတ်ထားတဲ့ ဝတ်စုံကို ဝတ်ရမှာဖြစ်ပြီး ကျန် အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ မိမိတိုင်းရင်းသားလက္ခဏာ ရည်ညွန်းတဲ့ ဝတ်စုံကို ဝတ်ဆင်နိုင်တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွင်းမှာ ပညာသင်ကြားမယ့်ဆရာ/ဆရာမတွေကို စွမ်းရည်မြင့်သင်တန်းဆင်းတွေကို ကျောင်းတွေအသီးသီးမှာ တာဝန်ပေးအပ်သွားမှာဖြစ်ပြီးဘာသာစုံသင်ကြားရာမှာ ပညာရေးစနစ်တကျရှိဖို့၊ ထိထိရောက်ရောက်ရှိဖို့နဲ့ သင်ကြားရေးမှာ လွယ်ကူစေဖို့ လုပ်ဆောင်သွားမယ်လို့ သိရပြီး လိုအပ်နေတဲ့ သင်ကြားရေးအတွက် ဝန်ထမ်းတွေကို CDM ဝန်ထမ်းတွေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်လို့လဲ သိရပါတယ်။
MK-012









