မဲခေါင်၊ နိုဝင်ဘာ ၂၂
နိုဝင်ဘာ ၂၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့နိုင်ငံသားအားလုံး မဖြစ်မနေ အရေးတကြီးကိစ္စ မရှိဘဲ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ အကြံပေးထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ရတာဟာ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပီဒီအက်ဖ်တွေဟာ မြို့တွေကို တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်နေမှု၊ တရုတ်-မြန်မာ နယ်စပ်မှာ ပြည်ပနိုင်ငံသားတွေ အများအပြား လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ ရပ်ဆိုင်းပြီး ပိတ်မိနေမှုတွေ ရှိတာကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် မငြိမ်မသက်မှုတွေ အများအပြားဖြစ်နေတဲ့ မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံသား တွေ မဖြစ်မနေသွားရမယ့်ကိစ္စမရှိဘဲ ခရီးမသွားကြဖို့၊ မြန်မာပြည်ထဲရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေလည်း ပဋိပက္ခ ဖြစ်ရာဒေသတွေ၊ မြို့တွေကို မသွားဘဲ ရန်ကုန်မြို့က အိန္ဒိယသံရုံးကို လာရောက် သတင်းပို့မှတ်ပုံတင် ကြဖို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် အာသံရိုင်ဖယ်တပ်ဟာ နယ်စပ်စည်းတစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး ပြီးခဲ့တဲ့ ရက် သတ္တပတ်က ပိတ်မိနေတဲ့ မြန်မာ စစ်သားတွေကို ရဟတ်ယာဉ်နဲ့လာရောက်ကယ်တင်ခဲ့တဲ့သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ အိန္ဒိယအရှေ့ပိုင်းတိုင် စစ်ဌာနချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရာနာပရာတက် ကာလီတာက နိုင်ငံမူဝါဒအရ လက်နက်ကိုင်ထားတဲ့ ဘယ်သူ့ကိုမှ အိန္ဒိယနယ်ထဲ ပေးမဝင်ဘဲ စစ်ဘေးကြောင့် ဒုက္ခရောက်ပြီး အိန္ဒိယဘက် ခိုလှုံလာသူတွေထဲမှာ မြန်မာစစ်သားတွေပါဝင်ခြင်းကလည်း လက်နက်စွန့်လွှတ်တာ ကြောင့် လက်ခံကူညီခဲ့တာလို့ ထုတ်ပြောသွားခဲ့ပါတယ်။
Ref: outlookindia
MKF-001
#MeKongNews
#မြန်မာ
#အိန္ဒိယ
#ခရီးသွား
#သတိပေး