မဲခေါင်၊ ဩဂုတ် ၄
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူနေအိမ် ၂,၇၄၁ လုံး ပျက်စီးဆုံးရှုံးကာ ပြည်သူ ၁၅ ဦးထက်မနည်း မီးရှို့ အသတ်ခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင်လမှာ စစ်ကိုင်းတိုင်းအတွင်း မီးရှို့မှု ၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး နေအိမ် ၁,၇၅၀ လုံး မီးရှို့ ဖျက်ဆီး ခံခဲ့ရကာ မန္တလေးတိုင်းမှာ ၇ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၄၄၁ လုံး ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်းမှာမီး ၅ ကြိမ် မီးရှို့ခံခဲ့ရပြီး လူနေအိမ် ၃၇၁ လုံး မီးလောင်ပျက်စီးကာ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ စုစုပေါင်း ၁၇ ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၁၇၉ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လက်ချက်နဲ့ ဘာသာရေး၊ ကျန်းမာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်ပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အဲ့ဒီ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်တဲ့ နေအိမ် ၂၄,၁၃၈ လုံးဟာ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးမှု ၇၀ ခိုင်နှုန်းကျော်ကို စစ်ကိုင်းတိုင်း အတွင်းမှာ စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
MK-005
#MeKongNews
#စစ်ကိုင်းတိုင်း
#လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
#မီးရှို့ဖျက်ဆီး











