မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ရွာတွင် PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်ရမ်းသမ်းပစ်ခတ်ပြီး အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က စစ်ကား ၃ စီးဖြင့် အလယ်ချောင်ရွာသို့ ရောက်ရှိလာပြီး သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ကာ ဦးလုံးညိုနေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“PDF နဲ့ပတ်သက်တယ်ဆိုပြီး အိမ်ကိုမီးရှို့သွားတာလို့ သိရတယ်။ ရွာထဲမှာလည်း တပ်စွဲထားတာရှိတယ်။ အခုလို သေနတ်တွေပစ်ပြီး အိမ်တွေကို မီးရှို့တာတွေရှိတော့ ရွာသားတွေက ဘယ်လိုနေရမလဲဆိုတာ စိုးရိမ်နေကြရတယ်။ ညဘက်ဆို အပြင်ထွက်ဖို့တောင် မရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အလယ်ချောင်ရွာအတွင်း တပ်စွဲထားပြီး ညပိုင်းအပြင်ထွက်လာသည့် ရွာသားများကို ဖမ်းဆီးခြင်းနှင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရွာငံမြို့နယ် အနန္တဇိန တန်ဆောင်တိုင်ပွဲတော်သို့ သွားစဉ် စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရွာငံ
#စစ်ကောင်စီ
#PDF
#ရှမ်းတောင်








