မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
အုပ်စုအုပ်ချုပ်ရေးမှူးသည် အမှုရှုံးပြီဖြစ်သော်လည်း ကျေးရွာပိုင်မြေပေါ်ရှိ ၎င်း၏ ပစ္စည်းများကို ပြန်မရွေ့သေးသည့်အပြင် မဟာမိတ်တပ်ဖွဲ့များအား အသုံးပြုကာ ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများကို ၎င်း၏ လူများဖြင့် အတင်းအဓမ္မအစားထိုးခန့်အပ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံသိရသည်။
ဦးမောင်အေးသည် ကျေးရွာကဥက္ကဌ ၊ ၁၀ အိမ်ခေါင်း ရွေးချယ်မှုပုံစံ၏ အစဉ်အလာကို ဆန့်ကျင်ကာ မဟာမိတ်တပ်ဖွဲ့အားကိုးခြင့် ၎င်း၏ လူများကို ကျေးရွာဥက္ကဌ ရွာသူကြီး ၁၀ အိမ်ခေါင်း စသည့်ရာထူးများပေးကာ ရှိပြီးသား ကျေးရွာဥက္ကဌစသည့် လူကြီးများကို ဖြုတ်ချရန် စီစဉ်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။
“မဟာမိတ်အဖွဲ့လည်း ၂၄ရက်နေ့တုန်းက ကျနော်ရွာလူထုနဲ့တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။ ကျနော်တို့ရွာဥက္ကဌနဲ့ ဆယ်အိမ်ခေါင်းတို့ကို အစားထိုးဖို့ သူတို့အဖွဲ့က ရွေးချယ်လိုက်ပြီဆိုတဲ့ဟာကို ရွာသူရွာသားသိအောင် ခေါ်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီ အစီအစဥ်က အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်အေးရဲ့အစီအစဥ်ဖြစ်တယ်။ သူ့လူကို ရပ်ရွာဥက္ကဖြစ်အောင် မဟာမိတ်အဖွဲ့ကိုတင်သွင်းခဲ့တယ်။ ဒါပေမဲ့ ကျနော်ရွာသူရွာသားအားလုံးက တွေ့ဆုံပွဲမှာ ကန့်ကွက်တယ်။ ကျေးရွာရွေးချယ်ထားတဲ့ ယခုလက်ရှိဥက္ကဌနှင့် ဆယ်အိမ်ခေါင်းတို့ကိုသာ အသုံးပြုသွားမယ်လို့ မဟာမိတ်အဖွဲ့ကိုပြောထားတယ်။”ဟု အောက်နမ့်ဟွယ်ကျေးရွာ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မြေသိမ်းအုပ်ချုပ်ရေးမှူး၏ ယခုလုပ်ရပ်သည် မြေယာသိမ်းသည့်အမှုတွင် ရှုံးနိမ့်ပြီးနောက် ကျေးရွာကို ၂ ပိုင်းကွဲသွားစေရန် သွေးထိုးသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ဒေသခံများကဆိုသည်။
“ဒီလိုဖြစ်တဲ့အကြောင်းရင်းကလည်း မြေအငြင်းပွားမှု ပြဿနာကနေ စလာပါတယ်။ ဦးမောင်အေးက ကျွန်တော်တို့ရွာကို ၂ဂိုဏ်းခွဲဖို့ ကြိးစားနေတာတွေ့ရတယ်။ ကျွန်တော်တို့ရဲ့ တင်ပြချက်ကိုတော့ မဟာမိတ်အဖွဲ့က သူတို့အထက်လူကြီးကို တင်ပြမယ်လို့ ပြောတယ်”ဟုသတင်းရင်းမြစ်ကပြောသည်။
ကျေးရွာ၏ အစဉ်အလာ ဓလေ့ထုံးတမ်းအရ ရွာဥက္ကဌ ရွာသူကြီး ၁၀ အိမ်ခေါင်းစသည်တို့သည် ကျေးရွာ၏ လွတ်လပ်သည့် အစီအစဉ်ဖြင့် ကျေးရွာလူထုကသာ ပြန်လည်ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ ယခု ဦးမောင်အေး၏ လုပ်ရပ်သည် ကျေးရွာအစဉ်အလာကိုပါ ချိုးဖောက်နေသဖြင့် ရွာသူ ရွာသားများက လက်မခံပဲ ကန့်ကွက်ခဲ့ကြသည်ဟုဆိုသည်။
“သူတို့က ကျွန်တော်တို့ရွာဥက္ကကို ဖြုတ်ချင်ဖြုတ် ရွေးချယ်ချင်သလိုရွေးချယ် ခန့်အပ်လို့မရဘူး ။ ကျန်တော်တို့အဲဒါကိုလက်မခံပါဘူး။ ကျန်တော်တို့ရွာမှာ လုပ်ထုံးလုပ်နည်းရှိတယ်။ အရေးကြီးတာက ရပ်ရွာလူထုရဲ့သဘောဆန္ဒအရမ်းအရေးပါတယ်။ အခုက ဘယ်သူမှလက်မခံဘူး။ သူတို့တင်သွင်းထားတဲ့ ရွာဥက္ကဌနှင့်အတွင်းရေးမှူး ဆယ်အိမ်ခေါင်းအသစ်တို့က ဦးမောင်အေးရဲ့လက်ကိုင်တုတ်ဖြစ်တယ်။ သူတို့တင်သွင်းခဲ့တဲ့သူကတော့ ဘာမှမပြောဘူး သူကတော့လုပ်ဖို့ဆန္ဒရှိတယ်။ ဒါပေမဲ့ သူ့ဇနီးနှင့်အမေ သူတို့ဆွေမျိုးတွေတောင် လက်မခံဘူး သူ့ဇနီးကိုယ်တိုင် လူထုတွေ့ဆုံပွဲမှာ ကန့်ကွက်ခဲ့တယ် သူ့ယောက်ျားကို ရွာဥက္ကဌပေးလုပ်ဖို့ ဆန္ဒမရှိဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
ဒေသခံပြည်သူများ၏ ကန့်ကွက်မှုများကြောင့် ဦးမောင်အေးက ရွာလူကြီးများအဖြစ် အသစ်ခန့်အပ်ပေးရန် တင်သွင်းသည့်သူများကို မဟာမိတ်အဖွဲ့ဖြစ်သည့် AA နှင့် MNDAAက အတည်မဟုတ်တော့ပဲ အစမ်းခန့် ၆လ ခန့်မည်ဟု ပြောဆိုသွားကြောင်းလည်း ဒေသခံများကပြောသည်။
“အခုတော့ ဝိုင်းကန့်ကွက်လို့ မဖြစ်သေးဘူးဗျ ။သူတို့က ဖြစ်အောင်လုပ်ဖို့တော့ ရှေ့ဆက်တိုးမယ်ဆိုတာသိတယ်။ မဟာမိတ်အဖွဲ့ကလည်း အစမ်းခန့်ဆို၆လဆိုပြီးပြောထားတယ်”ဟု သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် အမှုရှုံး မြေသိမ်းအုပ်ချုပ်ရေးမှူးသည် သဲများတင်လာကာ အများပိုင်မြေပေါ်သို့ လာရောက်ပုံချထားခြင်းများလည်း လုပ်နေသည်ဟုလည်း ဒေသခံများကပြောသည်။
ထို့အပြင် မူဆယ်ဒေသရှိ AAတပ်ဖွဲ့ကလည်း ကျေးရွာပိုင်မြေပေါ်တွင် ဘာမှမလုပ်ရန် နှင့် အဆောက်အဦးများကို မဖျက်ဆီးရန် ဒေသခံပြည်သူများကို တားဆီးထားသည်ဟုလည်း သတင်းရင်းမြစ်များထံမှသိရသည်။
အဆိုပါမြေသိမ်းအမှုကို ယခင်တွင် မူဆယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကော်မတီရုံးက ဇူလိုင် ၂၈ ရက်တွင် စစ်ဆေးဆုံးဖြတ်ခဲ့ရာ မြေသိမ်းသည့် အောက်နမ့်ဟွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးဘက်ကို အနိုင်ပေးခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် ဒေသခံများက မကျေနပ်သဖြင့် အမှုကို ကိုးကန့်တပ်ဖွဲ့၏ ခရိုင်အဆင့်သို့ ပြန်လည်စစ်ဆေးပေးရန် တင်ပြခဲ့ရာ ကိုးကန့်တပ်ဖွဲ့ -MNDAA ကွတ်ခိုင်ခရိုင်ရုံးက ဩဂုတ် ၂၀ ရက်တွင် ရုံးချိန်းပြုလုပ်ခဲ့ပြီး ဩဂုတ် ၂၁ ရက်တွင် ကိုးကန့်ဘက်မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက အငြင်းပွားနေသည့် မြေနေရာသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၁ ရက်တွင် အမှုကို အပြီးသတ်ဆုံးဖြတ်ကာ ဒေသခံကျေးရွာသားများဘက်ကို ပြန်အနိုင်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ အမှုရှုံးနိမ့်ပြီးနောက် မြေသိမ်းအုပ်ချုပ်ရေးမှူးသည် မဟာမိတ်တပ်ဖွဲ့နှင့်အဆက်အသွယ်ရှိသည်ကို အခွင့်ကောင်းယူကာ ကျေးရွာအုပ်ဥက္ကဌစသည့် ရွာလူကြီးများကို ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
ရွာဥက္ကဌစသည့် ရွာလူကြီးများသည် ရပ်ရွာနေ ပြည်သူများကို ကိုယ်တိုင်သာ ရွေးချယ်ခန့်အပ်ရမည်ဖြစ်သဖြင့် ဦးမောင်အေး၏ ယခုလုပ်ရပ်များကို ဒေသခံများက လက်ခံမည်မဟုတ်ပဲ ကျေးရွာက ရွေးချယ်ထားသည့် ကျေးရွာဥက္ကဌစသည့် ရွာလူကြီးများကိုသာ အသုံးပြုသွားမည်ဟုဆိုသည်။
အဆိုပါအငြင်းပွားမှုဖြစ်ပွားနေသည့် မြေသည် မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ ၁၀၅ မိုင်မှ ကြူကုတ် (ပန်ဆိုင်း) သို့ သွားသည့် လမ်းမကြီးဘေးတွင် တည်ရှိပြီး အောက်နမ့်ဟွယ်ကျေးရွာ၏ ကျေးရွာပိုင်ဘုံမြေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါမြေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေအဖြစ် အသုံးပြုလာခဲ့သည့် မြေဖြစ်ပြီး မည်သူ့ကိုမျှ ရောင်းချထားခြင်းမရှိကြောင်း သိရသည်။ မြေအကျယ်အဝန်းမှာ တစ်ဧကခွဲခန့်ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။
ဦးမောင်အေးသည် နမ့်ဟွမ်ကျေးရွာသားတစ်ဦးဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်သည့်ကာလအတွင်းကလည်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကာ လက်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့၏ ထိန်းချုပ်မှုအောက်ရှိ မူဆယ် ၁၀၅ မိုင်ဒေသတွင်လည်း အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှမ်းမြောက်
#မူဆယ်
#အုပ်ကြီး
#ဆယ်အိမ်ခေါင်း
#မြေသိမ်း








