မဲခေါင်၊ အောက်တိုဘာ ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ နမ့်ခမ်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ လည်ပတ်နေသည့် နေရာအချို့မှာ ကောင်းဆာအရပ်ရှိ F5 KTV နေရာဟောင်း၊ မန့်နားဖျော်ဖြေရေးခန်းမ၊ အောင်မေတ္တာရပ်ကွက်ရှိ ဟိုတယ်တစ်ခု၊ သာယာကုန်းရွာအနီး TNLA တားမတ်ဝါးခြံဝင်းနှင့် ဟိုနားရွာရှိ မိုင်းညီအေးခြံဝင်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းနေရာများတွင် တရုတ်နိုင်ငံသားများ ပါဝင်သည့် အွန်လိုင်းလုပ်ငန်းများ လည်ပတ်နေပြီး လုံခြုံရေးကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တာဝန်ယူပေးနေသည်ဟု ဒေသခံရင်းမြစ်များက ပြောသည်။
ထို့ပြင် နမ့်ခမ်းမြို့နယ်အတွင်း ပြင်ပမှ သာမန်စီးပွားရေးလုပ်ငန်းများအဖြစ် မြင်တွေ့ရနိုင်သည့် ကာစီနို၊ ကာရာအိုကေဘားနှင့် အခြား ဖျော်ဖြေရေးလုပ်ငန်းများ၏ နောက်ကွယ်တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ ရှိနေသည်ဟု ဒေသခံအချို့က စွပ်စွဲပြောဆိုကြသည်။
မူဆယ်မြို့နယ်ဘက်တွင် ကျားဖြန့်လုပ်ငန်းများကို စစ်ဆေးဖမ်းဆီးမှုများနှင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် နယ်စပ်ဒေသအတွင်းရှိ အဆိုပါ လုပ်ငန်းများက ပိုမိုလုံခြုံသည်ဟု ယူဆသည့် နေရာများသို့ ရွှေ့ပြောင်းလာနိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
“မူဆယ်ဘက်မှာ အခြေအနေ တင်းကျပ်လာရင် နေရာပြောင်းပြီး ဆက်လုပ်တာမျိုး ဖြစ်နိုင်တယ်။ နမ့်ခမ်းဘက်မှာလည်း အပြင်ပန်းက ပုံမှန်စီးပွားရေးလုပ်ငန်းလို မြင်ရတဲ့နေရာတွေ ရှိလာတာကြောင့် ဒေသခံတွေအနေနဲ့ ခွဲခြားသိဖို့ ခက်တယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
သို့သော် အလားတူ MNDAA ထိန်းချုပ် ဝမ်တိန်နယ်စပ်ဂိတ်မှ အောက်ဘက်သို့ မီတာ ၂၀၀ ခန့်အကွာ၌ မူဆယ်မှ ရွှေ့ပြောင်းလာသည့် ကျားဖြန့်များ ရှိနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို အကြောင်းပြချက်တစ်ရပ်အဖြစ် ဖော်ပြခဲ့သော်လည်း လက်ရှိတွင် ယင်းလုပ်ငန်းများ နယ်မြေပြောင်းရွှေ့ လည်ပတ်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
#MeKongNews
#မူဆယ်
#နမ့်ခမ်း
#ကျားဖြန့်
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#TNLA








