မဲခေါင်၊ အောက်တိုဘာ ၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုသည် အောက်တိုဘာ ၃ ရက် ည ၉ နာရီကျော်ခန့်က တာချီလိတ်မြို့၊ တော်ကော့လမ်းကြားမှ ထွက်လာသည့် အမျိုးသမီး မောင်းနှင်သော အဖြူရောင် ကားနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှ မောင်းနှင်လာသည့် Honda Phantom ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
လမ်းမကြီးပေါ်မှ အရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် လမ်းကြားမှ ထွက်လာသည့် ကားတို့ ခါးဖြတ်တိုက်မိသည့် ပုံစံဖြစ်ပြီး ဆိုင်ကယ်ရှေ့ဘီးမှာ ကားရှေ့ပိုင်းအတွင်း တစ်ဝက်နီးပါး ဝင်သွားခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနှင်သူမှာ ဦးထုပ်ဆောင်းထားခြင်း မရှိသဖြင့် ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
လူနာအား ရွှေမယ်ယန်း တာချီလိတ် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo – ရွှေမယ်ယန်း
#MeKongNews
#တာချီလိတ်
#ယာဉ်တိုက်မှု
#ဗိုလ်ချုပ်လမ်း
#ရွှေမယ်ယန်း








