မဲခေါင်၊ စက်တင်ဘာ ၃၀
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ထားသည့် ဖမ်းဆီးမှုနှင့် အဖွဲ့ဝင်များ၏ အချက်အလက်များ ဖော်ထုတ်ရရှိခဲ့သည်ဆိုသည့် ထုတ်ပြန်ချက်သည် အမှန်တရားနှင့် ကိုက်ညီမှုမရှိသည့် လိမ်လည်စွပ်စွဲချက်သာဖြစ်သည်ဟု PRF က စက်တင်ဘာ ၂၉ ရက်တွင် ရှင်းလင်းထုတ်ပြန်သည်။
စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် CRPH၊ NUG နှင့် PDF များကို ငွေကြေးထောက်ပံ့နေသည့် PRF အဖွဲ့ဝင် ၂,၇၀၀ ကျော်၏ အချက်အလက်များ ဖော်ထုတ်ရရှိခဲ့ပြီး ၂၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်သည် အခြေအမြစ်မရှိကြောင်း PRF က ပယ်ချခဲ့ပြီး အဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ ထောက်ပံ့သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံနှင့် အခြားကိုယ်ရေးအချက်အလက်များကို စုဆောင်းသိမ်းဆည်းခြင်း ကောက်ခံခြင်း လုံးဝ မရှိဟု ဆိုသည်။
PRF ၏ အဆိုအရ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရာတွင် အမည်လွှဲနှင့် အီးမေးလ်လိပ်စာသာ လိုအပ်သဖြင့် ၎င်းတို့၏စနစ်မှတစ်ဆင့် အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက ဖော်ပြထားသည့် ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများ အပါအဝင် အခြားကိစ္စများနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို PRF နှင့် ဆက်စပ်၍ ချဲ့ကားထုတ်ပြန်ခြင်းဖြစ်သာသည်ဟု PRF က ပြောသည်။
တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့သည့် ပြည်သူများ ဖမ်းဆီးခံရမှုအပေါ် ဝမ်းနည်းစာနာကြောင်းနှင့် တရားမျှတမှုရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း PRF က ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက သတင်းအမှားများ ထုတ်ပြန်ခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများကို ခြိမ်းခြောက်၍ PRF အပေါ် ယုံကြည်မှုလျော့နည်းစေရန်နှင့် တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုများကို ဖြတ်တောက်ရန်ဖြစ်ကြောင်း PRF က သုံးသပ်ထားသည်။
PRF က ပြည်တွင်းရှိ တော်လှန်ရေးထောက်ပံ့သူများအနေဖြင့် ဖုန်းနှင့် ငွေလွှဲမှတ်တမ်းများဆိုင်ရာ လုံခြုံရေးကို အထူးဂရုပြုရန် တိုက်တွန်းထားပြီး ပြည်ပရောက်သူများအနေဖြင့်လည်း ပြည်တွင်းရှိ ပံ့ပိုးသူများ၏ နေရာကို ဖြည့်ဆည်းကာ ဆက်လက်ပါဝင်ပံ့ပိုးကြရန် တိုက်တွန်းထားသည်။
#MeKongNews
#စစ်ကောင်စီ
#လိမ်လည်ထုတ်ပြန်
#PRF
#ပယ်ချ
#တော်လှန်ထောက်ပို့








