မဲခေါင်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၃) က ပြည်နှင်ဒဏ်ပေး၍ ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်မှုကို တာချီလိတ်မြို့၊ တာလော့ရပ်ကွက်ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မူးယစ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
လွှဲပြောင်းခံရသူများမှာ Mr. Thinakorn Sonpinkam (ခ) Mew နှင့် Mr. Korakoch Boonming (ခ) M တို့ဖြစ်ပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လက်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၇(၂) အရ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားဘက်ရှိ Chiang Rai Immigration မှ Deputy Inspector Pol.Capt. Songsak Pakiang ဦးစီးအဖွဲ့က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၂ ဦးသည် ဩဂုတ် ၂၂ ရက်က တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အိမ်တွင်းမှုကျောင်းလမ်း၌ ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံဘက်က အလိုရှိသူများဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းရှေ့
#တာချီလိတ်
#ထိုင်းနိုင်ငံ
#ပြည်နှင်ဒဏ်








