မဲခေါင်၊ ဩဂုတ် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသည့် ကလေးတစ်ဦးကို ၁၈ ရက်အကြာတွင်မှ အလောင်းပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ်ကလေးအပါအဝင် သူငယ်ချင်း ၃ ဦးသည် နမ်မီချောင်းအတွင်း ရေဆင်းချိုးရာမှ မောင်မျိုးမြင့်စိုင်း အသက်၁၅ နှစ်သည် ရေနစ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် ကလေးငယ်ကို ဒေသခံပြည်သူများက ရှာဖွေခဲ့သော်လည်း အစောပိုင်းတွင် ပြန်လည်တွေ့ရှိခြင်းမရှိခဲ့ပဲ ၁၈ ရက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့တွင်မှ သစ်ပင်တစ်ပင်အောက်တွင် အသက်သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပြန်တွေ့ပြီ ရေနစ်မျောပေါသွားတဲ့ အောက်ဖက်မှာ ပြန်တွေ့တာ။ ရေလည်း ကျသွားတော့ ၂၃ ရက်က ပြန်တွေ့တာ ချောင်းနားက သစ်ပင်အောက်မှာ အလောင်းကို ပြန်တွေ့တာ”ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဦးကပြောသည်။
အဆိုပါ ပျောက်ဆုံးနေသည့် ကလေး၏ အလောင်းကို ကျေးရွာတာဝန်ရှိသူများနှင့် TNLAရဲတပ်ဖွဲ့က ရှာတွေ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“TNLAက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး အလောင်းကို မီးသင်္ဂြိုလ်ပေးလိုက်ပြီ”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ဟဲခမ်းကျေးရွာအနီးတွင်ရှိသည့် ရွှေတွင်းတစ်ခု မြေပြိုမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းပါက ချောင်းရေများ အချိန်မရွေး မြင့်တက်လာနိုင်ခြင်း၊ တောင်ကျရေးများ စီးလာနိုင်ခြင်းတို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား ဂရုစိုက်ရန် လိုအပ်သည်။
#MeKongNews
#ရှမ်းမြောက်
#ကျောက်မဲ
#နမ့်မီချောင်း
#ကလေး
#ရေနစ်








