မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျောင်းပေါင်း ၁၇ ကျောင်းကို ရမခ စစ်တိုင်းမှူးအမိန့်ဖြင့် လုံခြုံရေးအကြောင်းပြပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ရန် စီစဥ်လာကြောင်း သိရသည်။
ယနေ့ သြဂုတ် ၂၁ ရက်တွင် သီပေါမြို့နယ် ပညာရေးဌာနမှ အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ရှိ၍ဆိုကာ ဆရာ၊ ဆရာမများအား ပြန်လည်စုစည်းခေါ်ဆောင်ထားသည်ဟု ပညာရေးဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ဆရာ၊ ဆရာမတွေကို ပြန်ခေါ်တယ်၊ ကျောင်းတွေ ပြန်ဖွင့်ဖို့ရှိလို့တဲ့၊ တစ်ရက် နှစ်ရက်စောင့်ဖို့လည်းပြောတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်က သီပေါမြို့ နယ်မှ MNDAA ထိန်းချုပ်သည့်ဘက်ခြမ်းရှိ ဆောင်ကြဲ စသည့် နယ်မြေများရှိ ကျောင်းပေါင်း ၁၇ ကျောင်းကို လုံခြုံရေးစိတ်မချရသည့်ကျောင်းများဟု သတ်မှတ်ကာ ရမခစစ်တိုင်းမှူးအမိန့်ဖြင့်ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ပိတ်သိမ်းခံရသည့်ကျောင်းများမှာ အထက ၂ ကျောင်း၊ အလကခွဲ ၁ ကျောင်း၊ မူလွန် ၄ ကျောင်း၊ အမက ၁၀ ကျောင်းတို့ဖြစ်ပြီး အဆိုပါ ကျောင်း ၁၇ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၆၅ ဦး၊ ဆရာ၊ဆရာမ ၃၄ ဦးတို့ တက်ရောက်ပညာသင်ကြားနေသည်။
“ကိုးကန့် က ကျောင်းဖွင့်တာ ဘာမှမပြောတာကို လုံခြုံရေးအကြောင်းပြပိတ်ခဲ့တာ၊ ကလေးတွေပညာရေး ကမောက်ကမဖြစ်ကုန်ရတယ်၊ ခုက တိုင်းမှူးကပဲ အမိန့်ရုတ်တာလား၊ ဟိုအထက်ကပဲ ပြန်ဖွင့်ခိုင်းတာလားမသိရပေမယ့် ကျောင်းတွေပြန်ဖွင့်မှာကတော့ ဝမ်းသာစရာပါ” ဟု သီပေါတုံစင့်မှ ပညာရေးလိုလားသူတစ်ဦးက ပြောသည်။
သြဂုတ် ၁၇ ရက်က MNDAA က ယင်းပိတ် ခံရသည့်ကျောင်းများကို ဖွင့်လှစ်ရန် စီစဥ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ရန် စီစဥ်လာခြင်းဖြစ်သည်။
#MeKongNews
#ရမခ
#သီပေါ
#စာသင်ကျောင်း
#တိုင်းမှူး
#ကိုးကန့်








