မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ညမှောင်စအချိန်တွေမှာ မြို့ပေါ် လှည့်ကင်း၊ ပတ်ကင်း အင်အားအလုံးအရင်း နှင့်ပတ်နေသော်လည်း ဆိုင်ကယ်သူခိုးဂိုဏ်းမှာ သောင်း ကျန်းပြီး ခိုးကောင်းနေဆဲဟု ဒေသခံများက ဝေဖန်ကြသည်။
တာချီလိတ်အုပ်ချုပ်ရေးက ယာဥ်တန်းဖြင့် လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၆ ရက် ည၈ နာရီကျော်တွင် ဆန်ဆိုင်း(က)ရပ်ကွက် ၊ပုံလို့လမ်းဘေးရှိ လိုင်းခန်းငှားတစ်ခုတွင် လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီးကို လူ ၄ ဦးက ခိုးယူသွားခဲ့ကြောင်း CCTV မှတ်တမ်းထွက်ပေါ်လာသဖြင့် လူထုက ဝေဖန်လာခြင်းဖြစ်သည်။
အဆိုပါ ရပ်ကွက် တွင်ပင် ဇူလိုင်လ ၂၂ ရက်နေ့က ဆိုင်ကယ်တစ်စီး ခိုးယူခံထားရသေးကြောင်း သိသည်။
“တချို့ပြည်သူစစ်တွေဆို သေနတ်ဘေးချပြီး အိပ်နေတာ၊ သေနတ်ယူသွားတာတောင် သိမှာမဟုတ်ဘူး၊ ရပ်ကွက်လမ်းကြားထဲမပတ်ဘဲ မြို့ပေါ်မိန်းလမ်းမကားပတ်မောင်းရုံလောက်နဲ့ လမ်းပိတ်တာပဲ အဖတ်တင်တယ်၊ သူခိုးက မိန်းလမ်းမပေါ်ခိုးနေတာမဟုတ်ဘူး၊ ရပ်ကွက်လမ်းကြိုလမ်းကြားခိုးနေတာ၊ ဟန်ပြမလုပ်ပါနဲ့၊ တကယ်ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဒါမှလဲ ပြည်သူက အားကိုးချင်မှာ” ဟု ဒေသခံတစ်ဦးက ဝေဖန်သည်။
နောက်တစ်ဦးကမူ “ရပ်ကွက်ထဲ ကင်းပုန်းဝပ်ပြီး စောင့်ဖမ်းတာ အကောင်းဆုံးပါ” ဟု ဆိုသည်။
တာချီလိတ်တွင် ပြီးခဲ့သည့် ဇူလိုင် ၈ ရက် က ဆိုင်ကယ်သူခိုး ၂ ဦး၊ သူခိုးလက်ခံ ၂ ဦးကို ခိုးယူထားသသည့် ဆိုင်ကယ် ၁၄ စီးနှင့်အတူ ဖမ်းဆီးရရှိမှု ရှိထားသော်လည်း ဆိုင်ကယ်ခိုးယူမှုများ ထပ်မံဖြစ်ပွားနေသည်များကြောင့် ဝေဖန်နေကြခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းရှေ့
#တာချီလိတ်
#သူခိုး
#ဆိုင်ကယ်








