မဲခေါင်၊ ဇူလိုင် ၆
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၆ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ယနေ့ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ယခု လွှဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးသည့် သူများဖြစ်သည်ဟု “ဝ”တပ်ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန် ၃၀ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၃၁ ဦးကို နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သေးသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် ဒေသတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို တရုတ်ဘက်သို့ ပြန်လည်ပို့ဆောင်လျက်ရှိရာ ယခုနှစ်အတွင်း တရားမဝင် တရုတ် ၉၇၃ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ကျော်အတွင်းတွင်မူ တရားဝင်အထောက်အထားမရှိဘဲ “ဝ”ဒေသတွင် နေထိုင်နေသော တရုတ်နိုင်ငံသား ၈၈,၄၂၈ဦးအား တရုတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် တရားဝင်စာရွက်စာတမ်း မရှိသော တရုတ်နိုင်ငံသားများအတွက် နေရပ်ပြန်ရေး စာရင်းပေးသွင်းနိုင်သည့် လမ်းကြောင်းကို ဆက်လက် ဖွင့်လှစ်ထားပေးလျက်ရှိပြီး တရားမဝင် တရုတ်များ နေရပ်ပြန်ရေး လှုံ့ဆော်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆိုသည်။
နေရပ်ပြန်လိုသည့် တရားမဝင် တရုတ်များအနေဖြင့် သတ်မှတ်ထားသော နေရာသို့ စာရင်းပေးသွင်းပြီးနောက် နောက်တစ်နေ့တွင် “ဝ”တပ်ဖွဲ့ ဝန်ထမ်းများက တရုတ်-မြန်မာ နယ်စပ်ဂိတ်အထိ လုံခြုံစွာ ပို့ဆောင်ပေးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်များအနေဖြင့် နေရပ်ပြန်ရောက်ပြီးနောက် “ဝ”ဒေသသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ပြန်လည် ဝင်ရောက်ကြရန်လည်း”ဝ”တပ်ဖွဲ့က တိုက်တွန်းထားသည်။
#MeKongNews
#တရားမဝင်
#တရုတ်
#“ဝ”တပ်ဖွဲ့
#ပြန်ပို့
ဓာတ်ပုံ – ပုံအဟောင်းဖြစ်သည်။








