မဲခေါင်၊ ဇွန် ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
၎င်းထိုင်းနိုင်ငံသားကို သတင်းအရ စောင့်ဆိုင်း စစ်ဆေးရာမှ မူးယစ်ဆေးဝါးကို တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်၂၇ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးတွင် လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား ချိုင်းလက် ဝစ်စ်စီအား စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးတမျိုးဖြစ်သည့် ကက်တမင်း အလေးချိန် ၈ ကီလိုကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှာ ကာလတန်ဖိုး ကျပ်သိန်း ၉၆၀ ရှိပြီး ဖမ်းဆီးမိသည့် ထိုင်းနိုင်ငံသား ချိုင်းလက် ဝစ်စ်စီ အသက် ၂၈ နှစ်ကိုမူ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#တာချီလိတ်
#ထိုင်းနိုင်ငံသား
#မူးယစ်ဆေးဝါး
#ဖမ်းမိ








