မဲခေါင်၊ ဇွန် ၂၈
ဘိန်းစာရွက်ဟုခေါ်သည့် အရွက်တစ်မျိုးဖြင့် ပြုလုပ်ထားသည့် ကထောင့် (ခေါ်) မူးယစ်ဆေးရည်များ ရောင်းချသည့် ဆိုင်များကို တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းက လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၂၈ရက် နေ့လယ် ၂နာရီခန့်တွင် ရန်အောင်မြေရပ်ကွက်၊ ပါလျံ (၁) အတွင်းရှိ ငုဝါဆိုင်အမည်ရှိ ကထောင့်ရောင်းချနေသည့် ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ ဘိန်းစာရွက်များ၊ ချက်လုပ်ပြီးစီးသည့် ကထောင့်အရည်များနှင့် ချောင်းဆိုး ပျောက်ဆေးရည်များကို ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့တော့ မြို့ထဲ ဆက်တိုက်ဖမ်းနေတယ်ပြောတယ်။ ကထောင့်ဆိုင်တွေက လူငယ်တွေကြားတော့ တော်တော်ခေတ်စားနေတာ။ မိဘတွေကတော့ မကြိုက်ကြဘူး။ အယူအဆအမျိုးမျိုးပဲ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရန်အောင်မြေရပ်ကွက်၊ ပါလျံ (၂) အတွင်း၌လည်း VVIP ကထောင့်ဆိုင် အဖမ်းခံရပြီး ကထောင့်အရည်များ၊ ဘိန်းစာရွက်များ၊ ချောင်းဆိုင်ပျောက်ဆိုးအရည်များ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။
ကထောင့်အရည်မှာ မူးယစ်စေသည့် အရည်တစ်မျိုးဖြစ်သည့်အလျောက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိနိုင်ပြီး လူငယ်များအကြား သောက်သုံးမှုများပြားသည့် အရည်တစ်မျိုးဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ဘိန်းစာရွက်
#ကထောင့်ဆိုင်
#မူးယစ်ဆေးဝါး








