မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာ၌ ဆန္ဒမဲအနိုင်ရရှိထားသူအား လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှူးဟောင်းက တာဝန်လွှဲပြောင်းပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် ဟူးမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရန် ဆန္ဒမဲပေးမှု ပြုလုပ်ခဲ့ပြီး ဒေသခံများ၏ ဆန္ဒမဲအရ ရှမ်းလူမျိုးတစ်ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သို့သော် ယခင်တာဝန်ထမ်းဆောင်နေသည့် ကိုးကန့်လူမျိုး အုပ်ချုပ်ရေးမှူးက နေရာမဖယ်ပေးလိုသဖြင့် အနိုင်ရရှိထားသူအား တာဝန်လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ယခင်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများအား ကားနှင့် လာဘ်ငွေများ ပေးအပ်ခဲ့ပြီး အနိုင်ရရှိထားသည့် အုပ်ချုပ်ရေးမှူးအသစ်အား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြောဆိုနေကြောင်း ဒေသခံများက ပြောကြားသည်။
“ကျနော်တို့ ဒေသခံတွေက ဆန္ဒမဲပေးပြီး ရွေးချယ်ထားတဲ့သူကို တာဝန်ထမ်းဆောင်ခွင့် ရစေချင်ပါတယ်။ အမှန်တရားအတိုင်း စုံစမ်းစစ်ဆေးပြီး တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ဆန္ဒမဲပေးခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဆန္ဒမဲပေးခဲ့သည့် ကျေးရွာဒေသခံများက မဲရလဒ်အတိုင်း တရားမျှတစွာ အကောင်အထည်ဖော်ပေးရန်နှင့် ဖြစ်စဉ်အမှန်များကို စုံစမ်းစစ်ဆေးပေးရန် ကျေးရွာခံများက တောင်းဆိုထားသည်။
#MeKongNews
#ဟူးမွန်ကျေးရွာအုပ်စု
#မဲအနိုင်ရ
#အုပ်ချုပ်ရေးမှူးသစ်
#အဟောင်း








