မဲခေါင်၊ ဇွန် ၂၆
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ည ၁၀ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီက ကျေးရွာကို ဗုံးလာကြဲပြီး တိုက်ခိုက်သော်လည်း ကျေးရွာကို ထိမှန်ခြင်းမရှိဘဲ ကျေးရွာအနီးရှိ တောင်ပေါ်တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူလူထုကို ထိခိုက်ခြင်း မရှိသော်လည်း စစ်ဘေးရှောင်များ၏ တဲအိမ်နှင့် တောင်ယာစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ညဖက် အိပ်ချိန်ကို လေယာဉ်သံက နိမ့်နိမ့်လေးဖြစ်နေတော့ လန့်ပြီး ထပြေးကြတာ ပုန်းခိုတဲ့ကျင်းထဲ မရောက်သေးဘူး ပေါက်ကွဲနေပြီ။ တော်သေးတာက ရွာထဲမကျဘဲ တောင်ပေါ်ကျသွားလို့တဲ့”ဟု ကရင်နီပြည် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ကရင်နီပြည်အတွင်း စစ်ကောင်စီက အရပ်ဘက်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသဖြင့် ပြည်သူများ သတိကြီးစွာထားပြီး နေထိုင်နေကြရသည်။
စစ်ကောင်စီသည် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင်ပင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းကိုလည်း ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၀ နှစ်နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်၂ ဦး သေဆုံးခဲ့ရသည်။
#MeKongNews
#ဒီးမော့ဆို
#ကျေးရွာတစ်ရွာ
#စစ်ကောင်စီ
#ဗုံးကြဲ








