မဲခေါင်၊ ဇွန် ၂၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးစိုင်းဝမ်းလှိုင်တစ်ပ် ကိုယ်တိုင် လာရောက်စစ်ဆေးဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များကို သစ်တောဦးစီးဌာနက တရားခံဖော်ထုတ်ခြင်းမရှိဘဲ ပိုင်ရှင်မဲ့အဖြစ်သာ အမှုဖွင့်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်ဝမ်း၊ ပြည်နယ်သစ်တောညွှန်ကြားရေးမှူး အပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့ “၁၁ မိုင်” ရှိ တရားမဝင် ရွှေလုပ်ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး၊ ၎င်းနေရာတွင် ခုတ်လှဲထားသည့် တရားမဝင် သစ်တန်ချိန် ၁၀၀ ကျော်ကို မျက်ဝါးထင်ထင် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“အဲဒီနေရာက ‘ရွှေလားဟူ’ အဖွဲ့က သားကြီးရဲ့ တရားမဝင် ရွှေလုပ်ကွက်ထဲမှာ မိတာ။ အဲဒါကို သစ်တောညွှန်မှူးက ပိုင်ရှင်မဲ့ဆိုပြီး အမှုဖွင့်တယ်။ ပြီးတော့ ရွှေချက်တဲ့ ကန်တွေကိုလည်း အထင်အရှား တွေ့ရပါရက်နဲ့ ဘာမှ အရေးမယူခဲ့ဘူး။ ဒါတောင် ပြည်နယ်ဝန်ကြီးကိုယ်တိုင် ပါတာနော်။ တရားမဝင် သုံးနေတဲ့ ဘက်ဟိုးတွေကိုတော့ အခွန်ဆောင်ထားတယ်လို့ အကြောင်းပြတယ်။ ဘယ်အဖွဲ့အစည်းကို ဘယ်လို အခွန်ဆောင်ထားတာလဲတော့ မသိဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ခံကာ လွယ်ခမ်းလုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ သားကြီး (ခ) ကျော်ဇင်လတ် ဆိုသူက ခနောက်စိမ်း တူးဖော်ခွင့်အကြောင်းပြပြီး တရားမဝင် ရွှေခိုးတူးနေသည့် နေရာဖြစ်ကာ သိမ်းဆည်းရမိသည့် သစ်များသည်လည်း ၎င်းပြည်သူ့စစ်ခေါင်းဆောင်က စက်ယန္တရားများဖြင့် မတရားခုတ်လှဲထားသည့် သစ်များဖြစ်ကြောင်း သိရသည်။
ဝန်ကြီး လာရောက်စစ်ဆေးစဉ်ကလည်း ဒေသခံအာဏာပိုင်များနှင့် ပွဲစားများက ရွှေအမှန်တကယ် ခိုးတူးနေသည့် အဓိကနေရာ “နောင်လဲ” ကျေးရွာသို့ ဦးစွာ ခေါ်ယူပြသခြင်းမရှိဘဲ နေရာဟောင်းကိုသာ လှည့်စားခေါ်ယူပြသခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နောက်နေ့တွင်မူ နောင်လဲကျေးရွာရှိ ရွှေခိုးတူးသည့် လုပ်ကွက်ကိုမူ လက်စဖျောက်ထားသည့်အတွက် အဖြစ်မှန်ကို ဝန်ကြီးသိသွားပြီး သွားရောက်စစ်ဆေးခြင်းမပြုတော့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုအခါတွင် သားကြီး ဆိုသူမှာ ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်ဝန်ကြီးကိုယ်တိုင် လာရောက်ဖမ်းဆီးသည့် ဖြစ်စဉ်တွင်ပင် အဖမ်းခံရခြင်း သို့မဟုတ် အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေသဖြင့် ပိုမိုအတင့်ရဲလာကာ ဒေသတွင်း၌ ဥပဒေမဲ့ လုပ်ရပ်များကို ပိုမိုကျူးလွန်လာမည်ကို မိုင်းတုံဒေသခံများက စိုးရိမ်လျက်ရှိသည်။
“ခနောက်စိမ်းတူးတာနဲ့ ရွှေတူးတာက သုံးတဲ့နည်းပညာ ချဉ်းကပ်ပုံ လုံးဝတခြားစီပါဗျာ။ အခုဟာက ခိုးထုတ်ထားတဲ့ သက်သေခံပစ္စည်းတွေ အထပ်လိုက်အပုံလိုက်နဲ့ မိတာတောင် ဝန်ကြီးအဆင့်က ဘာမှ မလုပ်နိုင်ဘဲ မျက်နှာသာပေးသွားတယ်ဆိုတော့ နောက်ဆိုရင် ဒီထက်မက ကမ်းတက်ပြီး ထင်တိုင်းကြဲတော့မှာ” ဟု မိုင်းတုံဒေသခံတစ်ဦးက ဝေဖန်ထောက်ပြသည်။
လက်ရှိတွင် ၎င်းပြည်သူ့စစ်ခေါင်းဆောင် သားကြီးသည် “ဝတီရတနာ” ကုမ္ပဏီအမည်ဖြင့် ခနောက်စိမ်း စမ်းသပ်တူးဖော်ခွင့် ၃ နှစ် သက်တမ်း ရရှိထားခြင်း ဖြစ်သည်။
သို့သော် မြေပြင်တွင်မူ ခနောက်စိမ်း တူးဖော်ခြင်းမရှိဘဲ အဆိုပါ ကုမ္ပဏီအမည်ကို အလွဲသုံးစားပြုကာ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု၊ နောင်လဲကျေးရွာရှိ “နမ့်မွန်းချောင်း” အတွင်း၌ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
ယင်းစည်းကမ်းမဲ့ ရွှေခိုးတူးဖော်မှု၊ ပြဒါးနှင့် ဆိုင်ယာနိုက်သုံး ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောများကို ရမ်းသန်းခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးကုန်သည့်အပြင် ချောင်းရေများလည်း ညစ်ညမ်းကာ သုံးစွဲ၍ မရတော့ဘဲ ကျေးရွာရှိ လယ်ယာစိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ရွှေချက်ရာတွင် သုံးစွဲသည့် အဆိပ်သင့် ဓာတုဆေးရည်များကြောင့် တိရစ္ဆာန်များပါ ရောဂါကူးစက်သေဆုံးမှုများ ဖြစ်ပွားနေပြီး ယင်းအဆိပ်သင့် ရေဆိုးများသည် မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းများထဲအထိ သက်ရောက်နေသဖြင့် မြို့ခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက်ပါ အသက်အန္တရာယ် စိုးရိမ်စရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မိုင်းတုံ
#သယံဇာဝန်ကြီး
#သစ်မှောင်ခို
#ပိုင်ရှင်မဲ့








