မဲခေါင်၊ ဇွန် ၂၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးပိုင်ဖြိုးထက် သည် မြို့နယ်အတွင်း ဖြစ်ပွားသည့် အမှုအခင်းများတွင် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ အမှုသည်များထံမှ ငွေကြေးများ သိန်းထောင်ချီ အဓမ္မတောင်းခံ၍ လာဘ်စားလျက်ရှိကြောင်း တရားရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
ယင်းမြို့နယ်ဥပဒေအရာရှိသည် ၎င်းလိုလားသည့် လာဘ်ငွေပမာဏကို ရရှိပါက ပြစ်မှုကျူးလွန်သူများကို တရားခံအဖြစ်မှ ဖယ်ထုတ်ပေးခြင်းနှင့် ပုဒ်မများ လျှော့ပေါ့ပေးခြင်းတို့ကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“သူ တောင်ကြီးမှာ ရောက်နေတာ ၂ နှစ်လောက် ရှိပြီဗျ။ မြို့နယ်အဆင့်မှာတော့ သူက ရာထူးအကြီးဆုံးဆိုတော့ ရဲစခန်းတွေက ဖမ်းသမျှအမှုတိုင်းကို သူပဲ အဓိက ဥပဒေအကြံပြုချက်ပေး၊ ကိုင်တွယ်တာ။ အထူးသဖြင့် မူးယစ်ဆေးဝါးအမှုတွေနဲ့ KTV ၊ ဟိုင်းခန်းတွေက ဖမ်းလာတဲ့လူတွေကို ငွေညစ်တာမျိုး။ ပြစ်ဒဏ်ကြီးတဲ့ အဓိကပုဒ်မတွေ သက်သာအောင်၊ လျော့သွားအောင် လုပ်ပေးတဲ့နေရာတွေမှာ ဥပဒေအဆွဲအလွှဲလုပ်ပြီး ငွေအဓိကယူတာ များတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် ကာလအတွင်းက ဖြစ်ပွားခဲ့သော ခိုးမှုတစ်ခုတွင်လည်း တရားခံဖြစ်သူအား အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်စေရမည်ဟု အာမခံကာ ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် လာဘ်ငွေရရှိသွားပြီးနောက် တရားခံမှာ အာမခံထားသကဲ့သို့ လွတ်မြောက်ခြင်းမရှိဘဲ ထောင်ဒဏ် ၃ လ အမှန်တကယ် ကျခံသွားခဲ့ရကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ၎င်းတောင်းခံသည့် လာဘ်ငွေကို မပေးနိုင်သည့် အမှုသည်များအပေါ်တွင်မူ မူလပြစ်မှုထက် ပြစ်ဒဏ်ပိုမိုကြီးလေးစေမည့် ပုဒ်မများကို အမှုတွဲအတွင်း မတရားထည့်သွင်း ထပ်တိုးတရားစွဲဆိုခြင်းများ ပြုလုပ်နေသဖြင့် အမှုသည်များနှင့် မိသားစုဝင်များမှာ စိတ်သောကရောက်ကာ လုံခြုံရေးအတွက် ကြောက်ရွံ့နေကြရသည်။
အမှုသည်များအနေဖြင့် ဥပဒေအရာရှိ ညှစ်သမျှ လာဘ်ငွေပမာဏကို ပေးဆောင်နိုင်ရန်အတွက် မိမိတို့ပိုင်ဆိုင်သည့် အိုးအိမ်ခြံမြေများကို အလျင်စလို ရောင်းချခြင်း၊ ပေါင်နှံခြင်းများ ပြုလုပ်နေရပြီး၊ ၎င်းတောင်းသလောက် ငွေမရလျှင်လည်း အမှုတွဲကို မကျေနပ်၍ အထက်အဆင့်ဆင့် ဥပဒေရုံးများသို့ အယူခံတက်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသောကြောင့် မတတ်သာဘဲ အကြပ်ကိုင်ခံနေကြရသည်ဟု ဆိုသည်။
လက်ရှိ ရှမ်းပြည်တောင်ပိုင်းအပါအဝင် တစ်ပြည်နယ်လုံးရှိ တရားစီရင်ရေးနှင့် ဥပဒေမဏ္ဍိုင်မှာ ယခင်ကာလများထက် ပိုမိုပျက်စီးကာ ဖြစ်ချင်သလိုဖြစ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီး၊ ပြည်သူများ၏ အားကိုးရာထက် ဖိနှိပ်ငွေညစ်သည့် ဒုစရိုက်အသွင် ဆိုးဆိုးရွားရွား ပြောင်းလဲနေပြီဖြစ်ကြောင်း နိုင်ငံရေးနှင့် တရားရေးလေ့လာသူများက ဝေဖန်ထောက်ပြကြပြီး ယင်းခြစားမှုစနစ်ဆိုးကို ပြန်လည်တည့်မတ်ပြုပြင်ရန်မှာ လက်ရှိအခြေအနေတွင် မလွယ်ကူတော့သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်နေကြသည်။
#MeKongNews
#တောင်ကြီး
#ဥပဒေအရာရှိ
#လာဘ်စား
#ဦးပိုင်ဖြိုးထက်








