မဲခေါင်၊ ဇွန် ၂၀
ရှမ်းတောင်နှင့် ရှမ်းမြောက် ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် စစ်ကောင်စီဂိတ်အချို့ ပိတ်သိမ်းလာသည်ကို တွေ့ရသည်ဟု ခရီးသွားများက ပြောသည်။
သို့သော် ဂိတ်အချို့ ပိတ်သိမ်းလိုက်သော်လည်း ဂိတ်အများအပြားကျန်နေဆဲဖြစ်ပြီး ငွေတောင်းစားနေဆဲဖြစ်သည်ဟု ခရီးသွားများက ပြောသည်။
တောင်ကြီးအထွက် ပအိုဝ်းမတောင်အနီးရှိ အဖွဲ့စုံစစ်ဆေးရေးဂိတ်၊ ပင်လုံတက္ကသိုလ်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၊ လဲချားမြို့အနီးရှိ နောင်လိုင်ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်အနီးရှိ မိုင်းနောင် – ကျေးသီးလမ်းခွဲဂိတ်တို့ကို စစ်ကောင်စီက ပိတ်သိမ်းထားသည်ကို တွေ့ရသည်ဟု ခရီးသွားတစ်ဦးက ပြောသည်။
“၁၈ ရက်နေ့တုန်းက တောင်ကြီးကနေ ကျေးသီးကို လိုင်းကားစီးလာတော့ အဲဒီဂိတ်တွေကို မတွေ့ရတော့ဘူး။ တောင်ကြီးအထွက် ၈ မိုင် ပအိုဝ်းမတောင်နားက ဂိတ်ဆို အရင်က အဖွဲ့စုံနဲ့ တအားစစ်တာ အခုမရှိတော့ဘူး။ ကျန်တဲ့ ဂိတ်တွေက အရင်အတိုင်းရှိနေသေးတယ်”ဟု ခရီးသွားတစ်ဦးက ပြောသည်။
ထိုသို့ ငွေတောင်းကြမ်းသည့် ဂိတ်အချို့ကို စစ်ကောင်စီက ပိတ်သိမ်းလိုက်သော်လည်း လက်ရှိတွင် စစ်ရေးဂိတ်အများအပြား ရှိနေဆဲဖြစ်ပြီး ကားသမားများကိုလည်း ငွေတောင်းနေဆဲ ဖြစ်သည်ဟု ကားသမားတစ်ဦးက ပြောသည်။
“ရှမ်းတောင်ထဲမှာပဲ ဂိတ်တစ်ချို့ကို ပိတ်တာ။ ရှမ်းမြောက်မှာက ပိတ်တာ မတွေ့ရသေးဘူး။ ငွေတောင်းတာကလည်း အရင်အတိုင်းပဲ။ လားရှိုး၊ မိုင်းရယ် အဝင်တွေမှာက အရင်အတိုင်း ငွေတောင်းစားနေတာပါပဲ။ တစ်ဂိတ်ပိတ်လည်း တစ်ဂိတ်စာ ပေးရသက်သာတာပေါ့ဗျာ”ဟု ၎င်းက ပြောသည်။
ယင်းရှမ်းတောင်နှင့် ရှမ်းမြောက်ဆက်သွယ်ထားသည့် လမ်းမကြီးသည် ရှမ်းပြည်အတွင်း ကုန်စည်စီးဆင်းရာ အဓိကကျသည့် လမ်းမပေါ်တွင် တည်ရှိသဖြင့် ငွေတောင်းကြမ်းသည့် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းမှု များပြားလာသည်နှင့်အမျှ ကုန်သွယ်မှုတွင် ကုန်ကျစရိတ် သက်သာလာမည် ဖြစ်သည်။
#MeKongNews
#ရှမ်းတောင်
#ရှမ်းမြောက်
#စစ်ကောင်စီဂိတ်
#ပိတ်သိမ်း








