မဲခေါင်၊ ဇွန် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ကျေးရွာတွင် ဘိန်းချက်လုပ်ငန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရွာသားများက မီဒီယာများထံ ပေးပို့ခဲ့သည်ဟု ဆိုကာ PNO က အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ဒေသခံများ၏ နေ့စဉ်ဘဝနှင့် လုပ်ငန်းဆောင်တာများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အင်တာနက်လိုင်းမရတာ တစ်လကျော်ပြီ။ လိုင်းသုံးချင်ရင် ပင်ခွန်ရွာအထိ သွားသုံးရတာ။ PNO က သူတို့အထင်တော့ လိုင်းဖြတ်ရင် သူတို့ မကောင်းတဲ့လုပ်ရပ် ဖုံးနိုင်မယ်လို့ ထင်နေကြတာ၊ အင်တာနက်လိုင်းကို ဖြတ်လိုက်လို့ သတင်းအမှန်တရားကို ဖြတ်တောက်နိုင်မယ်လို့ မထင်ပါနဲ့။ ပြည်သူတွေရဲ့ အသံက နည်းလမ်းရှာပြီး ထွက်ပေါ်လာမှာပါ”ဟု ပြည်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် ပြည်ပနှင့် အခြားဒေသများတွင် ရောက်ရှိနေသည့် မိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုရန် အခက်အခဲများ ကြုံတွေ့နေရသလို၊ အွန်လိုင်းအပေါ် မှီခိုလုပ်ကိုင်ရသည့် အလုပ်အကိုင်များလည်း နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းမှတစ်ဆင့် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူအချို့လည်း စာသင်ကြားမှု အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
လုံးနဂါးပတ်ကျေးရွာသည် ပင်လောင်းမြို့နယ်အစွန်တွင် တည်ရှိပြီး ပေါင်းလောင်းသစ်တောနှင့် တစ်ဆက်တည်း တည်ရှိနေကာ အိမ်ခြေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။
PNO ပြည်သူစစ်တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နဂါးပတ်ရွာအနောက်ဘက်၊ မြောက်ဘက်နှင့် တောင်ဖက်တို့တွင် ဘိန်းချက်လုပ်ငန်းများ ပေါ်ပေါ်ထင်ထင် ချက်လုပ်နေကြကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ဘိန်းချက်လုပ်ငန်း
#ပင်လောင်း
#လုံးနဂါးပတ်ကျေးရွာ
#PNO
#အင်တာနက်








