မဲခေါင်၊ ဇွန် ၁၉
ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နဂါးနှစ်ကောင် KTV မီးလောင်မှုတွင် လူ၃ ဦး ဒဏ်ရာရပြီး KTV မှာ လိုင်စင်မရှိဘဲ ဖွင့်ထားသည့် အတွက် ဟိုတယ်ပိုင်ရှင်ကို အရေးယူထားကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်နေစဥ်အတွင်း အပေါ်ထပ်မှ ပြုတ်ကျသူ အမျိုးသားတစ်ဦးနှင့် မီးခိုးငွေ့ရှုမိသည့် အမျိုးသမီး၂ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စလောင်တာက KTV ခန်းထဲက လျှပ်စစ်ရှော့ ဖြစ်တာတဲ့၊ အခန်းတွေက ဟင်ဂလာပြားတွေကိုကပ်ထူဖော့ပြားတွေနဲ့ ဆောက်ထားတော့ လောင်စာ အားကောင်းတာပေါ့။ KTV က ဟိုတယ်ဘေး ဆောက်ထားတာ၊ လိုင်စင်မရှိဘူးတဲ့”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မီးမှာ အခြားနေရာများသို့ မကူးစက်ရန်၁၀ နာရီ ၅၀ မိနစ်တွင် ထိန်းနိုင်ပြီဆိုသော်လည်း တငွေ့ငွေ့ လောင်ကျွမ်းနေသဖြင့် ညနေ ၃ နာရီကျော်အထိ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယင်း KTV မှာ တစ်ဆက်ရှင်လျင် ယွမ် ၈ ထောင်အထိရှိသည့် ဝန်ဆောင်မှု အစုံရသည့် အမျိုးအစားအတွင် ပါဝင်ပြီး တရုတ်လူမျိုး အများဆုံးသာ လာရောက် ပျော်ပါးကြကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး မီးလောင်မှုမှ တာဝန်ရှိသူများနှင့် တရားမဝင်လုပ်ငန်းများ လုပ်နေခြင်း ရှိ၊ မရှိကို စစ်ဆေးနေကြောင်း သိရသည်။
မူဆယ်တွင် KTV အကြီးအသေး ၇၀ ခန့်ရှိနေရာ ယင်းတို့အထဲ၌ ယခု နဂါးနှစ်ကောင် KTV ကဲ့သို့ KTV များ ရှိနေနိုင်ပြီး ယင်းကဲ့သို့ တရားမဝင် ပြုလုပ်နေသည်များကို အရေးယူရန်နှင့် လိုင်းကြေးယူ ခွင့်ပြုပေးသူများကိုပါ အရေးယူပေးရန် ဒေသနေ ပြည်သူများက တောင်းဆိုနေကြသည်။
#MeKongNews
#မူဆယ်
#နဂါးနှစ်ကောင်
#KTV
#မီးလောင်မှု
#လိုင်စင်မဲ့








