မဲခေါင်၊ ဇွန် ၁၉
ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်းဒေသတွင် တအာင်းပြည်ပညာရေးကောင်စီ – TLEC က ယခုနှစ်ပညာသင်နှစ်အတွင်း ကျောင်းပေါင်း ၄၀၀ ကျော်ကို ဖွင့်လှစ်သင်ကြားနေသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA က သတင်းထုတ်ပြန်သည်။
TLEC သည် ယခုပညာသင်နှစ်တွင် ဇွန်လ ၈ ရက်မှ စတင်ကာ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းမအပ်ရသေးသည့် ကလေးများအနေဖြင့် ၎င်းတို့၏ မိဘများမှ လာရောက်အပ်ပေးပါရန် တိုက်တွန်းထားသည်။
လက်ရှိတွင် TLEC က ဖွင့်လှစ်ထားသည့် ယင်းအခြေခံပညာစာသင်ကျောင်း ၄၀၀ ကျော်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅ သောင်းကျော် တက်ရောက် ပညာသင်ကြားလျက် ရှိသည်ဟုလည်း သိရသည်။
ထို့ပြင် ကျောင်းသားများ သက်သောင့်သက်သာရှိစွာ ဝတ်ဆင်နိုင်ရန်၊ ဒေသအခြေအနေနှင့် ပိုမိုလိုက်လျောညီထွေမှု ရှိစေရန်နှင့် လှုပ်ရှားသွားလာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယခုပညာသင်နှစ်မှ စတင်ကာ ကျောင်းဝတ်စုံပုံစံကို ပြန်လည် ပြင်ဆင်ထားပြီး ၎င်းကျောင်းဝတ်စုံအသစ်များကို လာမည့် သြဂုတ်လ ပထမအပတ်အတွင်း ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ဝတ်စုံအသစ်များ မဖြန့်ဝေမီကာလအတွင်း ကျောင်းသားများအနေဖြင့် ယခင်အသုံးပြုခဲ့သည့် ကျောင်းဝတ်စုံများကို ဆက်လက် ဝတ်ဆင်နိုင်မည်ဖြစ်ပြီး ဝတ်စုံအသစ်များ ဖြန့်ဝေပြီးနောက်တွင်လည်း လက်လှမ်းမမှီနိုင်သေးသည့် ကျောင်းသားများအနေဖြင့် ကျောင်းဝတ်စုံဟောင်းများကို ဆက်လက် အသုံးပြုနိုင်သည်ဟုလည်းဆိုသည်။
TLEC အနေဖြင့် ကလေးဗဟိုပြု ပညာရေးစနစ်ကို အခြေခံ၍ ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်ရေး၊ မိခင်ဘာသာစကားအခြေပြု ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲအသုံးပြုနိုင်ရေးနှင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တိုင်း ပညာသင်ယူခွင့်ရရှိစေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
TLEC သည် စစ်အစိုးရပညာရေး လက်လှမ်းမမှီသည့်နေရာများ တအာင်းတပ်ဖွဲ့ ထိန်းချုပ်သည့် ဒေသများတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရန် နှစ်စဉ် ဆရာ၊ ဆရာမများကို ခန့်ထားပြီး စာသင်ကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည့် ပညာရေးအဖွဲ့အစည်း ဖြစ်သည်။
#MeKongNews
#TLEC
#ကျောင်းပေါင်း ၄၀၀
#ဖွင့်လှစ်သင်ကြား
#တအာင်းပြည်ပညာရေးကောင်စီ








