မဲခေါင်၊ ဇွန် ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယ၊ ရွာငံမြို့နယ်များတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် အမှတ် – ၁၀၀၃ ဓနု PDF တပ်ရင်းက တပ်ရင်းအမည်ကို အလွဲသုံးစားလုပ်၍ ငွေတောင်း ဓားပြတိုက်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဟု ယနေ့ ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ် ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင် – ကယား(ကရင်နီ) တိုင်းစစ်ဌာနချုပ်အောက်ရှိ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်းအနေဖြင့် ဓနုဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပြီး ဓားပြတိုက်ခြင်းများနှင့် ပတ်သက်၍ ၁၀၀၃ တပ်ရင်းသည် NUG အစိုးရအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်သည်နှင့်အညီ ပြည်သူ့ထံမှ ပြည်သူ မကြည်ဖြူသည့် မည်သည့် ငွေကြေးတောင်းခံခြင်းကိုမျှ မလုပ်ဆောင်သလို ပြည်သူကို ကာကွယ်ရမည့်အစား လက်နက်အားကိုးဖြင့် အတင်းအဓမ္မ ဓားပြတိုက်ခြင်း၊ ခြိမ်းခြောက် ငွေကြေးတောင်းခံခြင်းမျိုးကို ပြုလုပ်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်ဟု ဆိုသည်။
ထို့ပြင် ဓနုဒေသအတွင်းရှိ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ရန်သူစစ်ကောင်စီကို တော်လှန်ရမည့်အစား ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်းများ ပြုလုပ်၍ ၁၀၀၃ တပ်ရင်းအမည်ဖြင့် နာမည်အလွဲသုံးစား ပြုလုပ်နေခြင်းအပေါ် ထိရောက်စွာအရေးယူ သွားမည်ဟု ဆိုသည်။
တော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေမည့် အပြု အမူများအား ရှောင်ရှားကြရန်နှင့် ဘုံရန်သူအား အဆုံးထိ တိုက်ပွဲဝင်ကြရန်ကိုသာ ရှေ့ရှုစေလိုသည်ဟု အကြံပြုထားသည်။
သို့အတွက် ဓနုဒေသအတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၁၀၀၃ တပ်ရင်းအမည်ဖြင့် အလွဲသုံးစားပြုလုပ်၍ ပြည်သူအပေါ်အတင်းအဓမ္မ ငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်းများ ပြုလုပ်မည်ဆိုပါက ၁၀၀၃ တပ်ရင်းအနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ဇွန် ၁၃ ရက်၊ ညပိုင်းက ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောသည် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင် ၉ ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပြည်သူ့စစ်မှုထမ်းအတွက် ကောက်ခံထားသည့် ငွေများပေးရန် တောင်းခံခဲ့ရာမှ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဥ်ရှိခဲ့သည်။
ယင်းဖြစ်စဥ်ပါ လက်နက်ကိုင်အဖွဲ့သည် ဦးကျော်ဇော၏ ဖခင်နေအိမ်မှ KAMAX 110 အစိမ်းနှင့် မီးခိုးရောင် ဆိုင်ကယ် ၁ စီး၊ New ZINIC 125 Alpha အဖြူရောင်ဆိုင်ကယ် ၁ စီး၊ အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေကျပ် ၂၂ သိန်းနှင့် ရွှေလက်စွပ် ၃ ကွင်း အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ၁၉၂ သိန်း ခန့်ရှိ ငွေနှင့် ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
#MeKongNews
#တပ်ရင်းအမည်
#အလွဲသုံးစားလုပ်
#ငွေတောင်း
#ဓားပြတိုက်
#ဓနု








