မဲခေါင်၊ ဇွန် ၁၆
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ခနောက်စိမ်းတူးဖော်ခွင့် အကြောင်းပြကာ တရားမဝင် ရွှေခိုးတူးဖော်နေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည်နယ် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ် က ယနေ့တွင် တာချီလိတ်မြို့မှ အဖွဲ့စုံဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရှမ်းပြည်အစိုးရအဖွဲ့၏ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်သည် တာချီလိတ်မြို့မှ ဌာနစုံပူးပေါင်းအဖွဲ့နှင့်အတူ မိုင်းတုံ – မိုင်းဆတ် သွားကားလမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာ အနောက်ဘက်တွင် တရားမဝင် ရွှေခိုးတူးနေသည့် လုပ်ကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ဖြင့် ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ် (ခ) သားကြီး က ခနောက်စိမ်းတူးဖော်ရန် အကြောင်းပြ၍ ရွှေခိုးတူးနေသည့် နေရာဖြစ်သည်။ ယင်းစီးနင်းမှုအတွင်း တရားမဝင် ရွှေချက်ကန်များ၊ ခုတ်လှဲထားသည့် သစ်တန်ပေါင်းများစွာနှင့် ဘက်ဟိုး (မြေတူးစက်) များကို သက်သေခံအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အခု ဖမ်းမိတာက အစပဲ ရှိသေးတာ။ သေချာဆက်ပြီး ဖမ်းမယ်ဆိုရင် နောက်ထပ် လုပ်ကွက်တွေ အများကြီး မိဦးမှာ။ ဒီလုပ်ငန်းတွေနောက်ကွယ်က ပတ်သက်စပ်ဆက်နေတဲ့ အရာရှိကြီးတွေလည်း အများကြီး ပါသွားနိုင်တယ်” ဟု မိုင်းတုံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လုပ်ကွက်ပိုင်ရှင် ကျော်ဇင်လတ် ဆိုသူမှာ လွယ်ခမ်းလုံကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် “ဝတီရတနာ” ကုမ္ပဏီအမည်ကိုပါ အသုံးပြု၍ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ နောင်လဲကျေးရွာရှိ နမ့်မွန်းချောင်းအတွင်း၌လည်း ခနောက်စိမ်းအကြောင်းပြကာ တရားမဝင် ရွှေတူးဖော်မှုများ ဆက်တိုက်လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။
“မနက်ဖြန်ကျရင် လွယ်ခမ်းလုံဘက်က လုပ်ကွက်ကိုပါ ဝန်ကြီးအဖွဲ့က ဝင်စစ်မယ်လို့ သတင်းကြားတယ်။ ဒါပေမဲ့ ဒီနေ့ ဖမ်းခံရပြီးကတည်းက ဟိုဘက်က ကားတွေအကုန်လုံး သိမ်းသွားကြပြီ။ ဘက်ဟိုးတွေကိုလည်း တောထဲ ဖွက်ထားလိုက်ပြီဆိုတော့ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ အခု ရွာသားတွေကိုပဲ မဲပြီး ရန်ရှာနေကြတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဖွင့်ဟသည်။
ယင်းတရားမဝင် ရွှေတူးဖော်မှု၊ ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးနေသည့်အပြင် နမ့်မွန်းချောင်းရေမှာလည်း ဓာတုဆေးရည်များကြောင့် သုံးစွဲ၍မရတော့ဘဲ ကျေးရွာများ၏ စိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။
၎င်းပြင် ရွှေချက်ရာတွင် သုံးစွဲသည့် ပြဒါးနှင့် ဆိုင်ယာနိုက် စသည့် ဓာတုဆေးရည်များ ညစ်ညမ်းမှုကြောင့် ဒေသခံ တိရစ္ဆာန်များတွင်လည်း ရောဂါဆိုးများ ကူးစက်ဖြစ်ပွားနေပြီး အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုးကျိုးများမှာ မိုင်းတုံမြို့ပေါ်အထိ သက်ရောက်မှု ရှိလာနေကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#မိုင်းတုံ
#ရှမ်းအရှေ့
#ရွှေတူး
#ပြည်သူ့စစ်
#ကျော်ဇင်လတ်
#အုပ်ချုပ်ရေးမှူး








