မဲခေါင်၊ ဇွန် ၁၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် တာချီလိတ်ဘက်မှ လာသည့် တရားမဝင် ခိုးဝင်တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ကားဖြင့်သယ်ဆောင်ပေးခဲ့သည့် စစ်ကောင်စီတပ်မှ စစ်ဗိုလ်များအပါအဝင် ကွင်းဆက်တရားခံများကို ဖမ်းဆီးကာ တရားရုံးတင် တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းခိုးဝင်တရုတ်နိုင်ငံသားများကို တစ်ဦးလျှင် ယွမ် ၂သောင်း (ကျပ် သိန်း ၁၂၀ခန့်)ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က မိုင်းတုံ – တာဆန်း လမ်းမပေါ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များပေါ်၌ စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တရုတ်တွေကို လိုင်စင်မဲ့ကားတွေပေါ်မှာ ‘ရွှေသစ္စာ’ လိုင်းကားတံဆိပ်တွေ အတုကပ်ပြီး တာချီလိတ်ဘက်ကနေ သယ်လာတာ။ မြို့အဝင်အထွက် ဂိတ်တွေကို ဖြတ်တဲ့အချိန်ကျတော့ စစ်တပ်က စစ်ဗိုလ်တွေကိုယ်တိုင် ကားမောင်းပြီး အစစ်အဆေးမရှိအောင် ဖြတ်ပို့ပေးခဲ့တာ။ အဲဒါကို အတွင်းသတင်းအရ စရဖက ဝင်ဖမ်းတာ။ ပါဝင်ပတ်သက်တဲ့ စစ်ဗိုလ်တွေကိုတော့ တပ်မအချုပ်မှာ ထိန်းသိမ်းထားပြီး၊ တရုတ် ၅ ယောက်နဲ့ အရပ်သားဒရိုင်ဘာတွေ၊ ဂိတ်မှူးတွေကိုတော့ ရဲအချုပ်မှာ ထားတယ်။ မနေ့ ဇွန်လ ၁၁ ရက်နေ့က တရားရုံးတင်လိုက်ပြီ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ခိုးဝင်တရုတ်နိုင်ငံသား ၅ ဦးကို လဝကဥပဒေအရ တရားမဝင် ခိုးဝင်မှုဖြင့်လည်းကောင်း၊ တရားမဝင် ခိုးထုတ်သယ်ဆောင်ပေးသည့် ယာဉ်မောင်းများနှင့် ဂိတ်မှူးများကို နိုင်ငံခြားသားများအား တရားမဝင် သယ်ယူပို့ဆောင်ပေးမှုဖြင့်လည်းကောင်း တရားစွဲဆိုထားကြောင်း သိရသည်။
တရုတ်နိုင်ငံသားများကို စစ်ဆေးရေးဂိတ်များ ဖြတ်သန်းစဉ် ကိုယ်တိုင်ကားမောင်း၍ သယ်ဆောင်ပေးခဲ့သည့် အရာရှိများမှာ မိုင်းတုံအခြေစိုက် ခမရ (၅၁၉) မှ ဌာနချုပ်တပ်ခွဲမှူးနှင့် စစ်ဆေးရေးဗိုလ်တို့ဖြစ်ပြီး ၎င်းတို့ကို လက်ရှိတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တစခ) ၏ အမိန့်ဖြင့် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“လိုင်စင်မဲ့ကားတွေက လိုင်စင်ရှိတဲ့ ကားတွေလို တံဆိပ်တွေ၊ နံပါတ်ပြားတွေအတုတပ်ပြီး လုပ်စားနေကြတော့ လိုင်းဆွဲနေတဲ့ အစစ်အမှန် လိုင်းကားသမားတွေ တအားနစ်နာတယ်။ သူတို့က ခိုးသယ်ရလို့ ငွေရတာများတော့ လမ်းမှာရှိတဲ့ ဂိတ်တွေကို လမ်းကြေးတွေ အဆမတန် ပေးဖြတ်ကြတာ။ ကုန်စည်တွေကိုလည်း ဒီလိုပဲ သယ်နေကြတာ။ ကားခတွေ တက်ကုန်တဲ့အပြင် ကုန်ဈေးနှုန်းတွေပါ အဆမတန် ကြီးမြင့်နေရတာ သူတို့ကြောင့်ပဲ။ အခုလို လုပ်စားနေကြတာ ကြာလှပြီ၊ အခုမှ မိတာ” ဟု မိုင်းဆတ် – တောင်ကြီး ပြေးဆွဲနေသည့် လိုင်းကားယာဉ်မောင်းတစ်ဦးက ဖွင့်ဟသည်။
မြေပြင်အချက်အလက်များအရ Probox သို့မဟုတ် Succeed ကဲ့သို့ ယာဉ်ငယ်တစ်စီးလျှင် တရားမဝင် မှောင်ခိုကုန်စည်များ အပြည့်တင်ပါက ကားခ ငွေကျပ် သိန်း ၄၀ ခန့်ရရှိပြီး လမ်းခရီးတစ်လျှောက် လမ်းကြေးအဖြစ် ကျပ်သိန်း ၃၀ ခန့်အထိ ကုန်ကျကြောင်း သိရသည်။
တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို ခိုးသယ်ပါက တရုတ်ယွမ်ငွေ ၂ သောင်း (မြန်မာငွေကျပ် သိန်း ၁၂၀ ဝန်းကျင်) အထိ ရရှိကြောင်း၊ ယင်းကားခမှာ လင်းခေးမြို့အထိသာဖြစ်ပြီး လမ်းခရီးတွင် လမ်းကြေးအများဆုံး တောင်းခံသည့်ဂိတ်မှာ လင်းခေးမြို့အဝင်ဂိတ်ဖြစ်ကြောင်း သိရသည်။
၎င်းပြင် လင်းခေးသို့ ရောက်ရှိလာသည့် တရားမဝင်ကုန်စည်များနှင့် လူပွဲစားများကို PNO ပြည်သူ့စစ်အဖွဲ့က မောက်မယ်မြို့နယ်ဘက်မှတစ်ဆင့် လုံခြုံရေးရယူပေးကာ ဆက်လက်သယ်ဆောင်ပေးလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကြသည့် တရုတ်နိုင်ငံသားများသည် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရန်၊ တရားမဝင် သတ္တုတူးဖော်ရန်နှင့် သစ်ခိုးထုတ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။
၎င်းတို့သည် မိုင်းလား – ကျိုင်းတုံ – တာချီလိတ် – မိုင်းဆတ် – မိုင်းတုံ – မိုင်းပန် – လင်းခေး လမ်းကြောင်းအတိုင်း လာကြပြီး စစ်ကောင်စီ၏ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန်အတွက် လင်းခေးမှတစ်ဆင့် မောက်မယ်လမ်းကြောင်းအတိုင်း လျှို့ဝှက်သွားလာနေကြကြောင်း သိရသည်။
#MeKongNews
#မိုင်းတုံ
#တရုတ်နိုင်ငံသား
#လူကယ်ရီ
#စစ်တပ်အရာရှိ
ပုံအညွှန်း – မိုင်းတုံ – တာဆန်း လမ်းပိုင်းတစ်နေရာ








