မဲခေါင်၊ ဇွန် ၅
“ကေသီ ဘေဘီ တော်လောက်ပြီ” အမည်ရှိ Facebook Page မှ ပို့စ်တစ်ခုအောက်တွင် မှတ်ချက် (Comment) ဝင်ရောက်ရေးသားခဲ့သူ အမျိုးသမီးတစ်ဦးကို တောင်ကြီးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
“Nang Akari” အမည်ရှိ Facebook အကောင့်ဖြင့် ဝင်ရောက်မှတ်ချက်ပေးခဲ့သည့် တောင်ကြီးမြို့နေ ဧကရီကျော် (ခ) နန်းဧကရီကျော် ဆိုသူကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကေသီ ဘေဘီ တော်လောက်ပြီ” Facebook Page တွင် မကြာသေးမီက ဝေဖန်မှုများ မြင့်တက်နေသည့် “လရောင်အောက်က ကုမုဒြာ” သီချင်းနှင့် ပတ်သက်၍ “ဆိုရတာ ပါးစပ်ဝမှာ အရှက်ရှိ မရှိတော့မသိဘူး၊ ကြားရတာ နားဝမှာတော့ ရှက်စဖွယ် စကားလုံးတွေပဲ၊ ဒါကြောင့် ကျွန်တွေမှာ အာဏာပါဝါမရှိဘူး၊ သူတို့ကို ခိုင်းတဲ့အတိုင်း လုပ်ပေးရတာ၊ Chee ဆိုလည်း စားကြမှာ၊ Ball ဆိုလဲ မကြရမှာ၊ ဒါဟာ ကျွန်တွေရဲ့ သဘောသဘာဝပဲ” ဟု ရေးသားဖော်ပြခဲ့သည်။
ယင်းပို့စ်၏အောက်တွင် “Nang Akari” အကောင့်ပိုင်ရှင် ဧကရီကျော် (ခ) နန်းဧကရီကျော်က “ထဘီတရွတ်တိုက် ဝတ်လည်း ရွံတယ်နော်” ဟု Comment ဝင်ရောက်ရေးသားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထိုသို့ ရေးသားမှုကြောင့် ၎င်းအမျိုးသမီးအား တောင်ကြီးမြို့ နယ်မြေရဲစခန်းတွင် စစ်ကောင်စီကို အကြည်ညိုပျက်စေရန် လှုံ့ဆော်မှု (ပုဒ်မ – ၅၀၅-က) ဖြင့် စစ်ကောင်စီဘက်က အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
မကြာသေးမီက တေးရေး သျှန်ထွန်း (မြန်မာစာ) ရေးသားပြီး ဓနုတိုင်းရင်းသူ တေးသံရှင် မေသက်ထားဆွေ သီဆိုထားသည့် “လရောင်အောက်က ကုမုဒြာ” သီချင်းမှာ စစ်ကောင်စီဥက္ကဋ္ဌကို ဘုန်းတော်ဘွဲ့ ချီးကျူးထားသည့် သီချင်းဖြစ်သည်ဟုဆိုကာ တော်လှန်ရေးအင်အားစုများနှင့် အွန်လိုင်းအသုံးပြုသူ လူထုအကြား အပြင်းအထန် ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည့် နောက်ခံဖြစ်စဉ်ရှိကြောင်းလည်း သိရသည်။
#MeKongNews
#တောင်ကြီး
#စစ်ကောင်စီ
#၅၀၅က
#လူမှုကွန်ယက်








