မဲခေါင်၊ မေ ၁၉
ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၌ စစ်လက်ကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက် နံနက် ၈ နာရီကျော်က သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာရှိ လယ်ယာတစ်ခုအတွင်းမှ ရရှိလာသော “၁၀၂၇ စစ်ဆင်ရေး” အတွင်းက စစ်လက်ကျန်ဗုံး ပေါက်ကွဲခဲ့သဖြင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အနက် ဒဏ်ရာပြင်းထန်သည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် မအက်စတာကို လောက်ကိုင်မြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရကြောင်း သိရသည်။
ကျန်ရှိသည့် ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၄၁ နှစ်အရွယ် ဦးကြာဝ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်နာတီနှင့် အသက် ၇ နှစ်အရွယ် မောင်ဒေးဗစ်တို့ဖြစ်ပြီး ၎င်းတို့မှာ လက်ရှိတွင် သိန္နီမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသည်။
“အခု ပေါက်ကွဲတာက လယ်ထဲကနေ ကောက်ရလာတာကို အိမ်ယူလာမိရာကနေ ကလေးတွေ ဆော့ကစားရင်း ပေါက်ကွဲသွားတာပါ။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်လက်နက်ကျန်ပစ္စည်းတွေ တွေ့ရင် လုံးဝမထိမကိုင်ကြဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ဟိုက်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် RPG အမျိုးအစား လက်နက်ကြီးကျည်အား နေအိမ်သို့ သယ်ဆောင်လာပြီး စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ နေရာတွင်ပင် ခြေထောက်နှစ်ဖက်နှင့် ဝမ်းဗိုက်တို့၌ ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
UNICEF Myanmar ၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ကျန် ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ ၂၄၅ ဦးအထိ ရှိခဲ့ပြီး၊ ယင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်သေဆုံးမှု၏ ၃၆ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
#MeKongNews
#သိန္နီ
#စစ်ကျန်ဗုံးပေါက်ကွဲ
#ခြေထောက်ပြတ်
#ပိန်းဆာကျေးရွာ








