မဲခေါင်၊ မေ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ယမန်နေ့ညနေပိုင်းက တရုတ်လူမျိုးများ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မင်္ဂလာကန်ဘေး၌ ဖွင့်လှစ်ထားသည့် အကင်ဆိုင်ထော်လာဂျီကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တောင်ကြီးဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသည့် တရုတ်လူမျိုးများစီးနင်းလာသော ဖိုးဝှီး (4WD) ယာဉ်တစ်စီးသည် အောင်ပန်းမြို့ မင်္ဂလာကန်စောင်းတွင် အကင်ရောင်းချနေသည့် “ဂျူးဂျူး အကင်စုံ” ထော်လာဂျီကို ဝင်တိုက်မိပြီးနောက် မင်္ဂလာကန်စောင်းရှိ အုတ်ခုံကိုပါ ထပ်မံဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
“ကားအရှိန်က တော်တော်ပြင်းတယ်။ လူတွေအများကြီးရှိတဲ့ ကြားထဲမှာ ဖြစ်တာဆိုတော့ လူတွေ ထိခိုက်မှုမရှိလို့ တော်သေးတာပေါ့။ တရုတ်တွေက အရှိန်နဲ့ စွတ်မောင်းလာတာ။ ကားပေါ်မှာ ၃ ယောက် စီးလာတာ၊ ရဲက စစ်မေးတာကို မြန်မာလို တစ်ယောက်မှ မပြောတတ်ကြဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ယင်းကားတိုက်မှုကြောင့် အကင်ရောင်းသည့် မိန်းကလေးငယ်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး၊ ယာဉ်ပေါ်ပါလာသည့် တရုတ်လူမျိုး ၃ ဦးတွင်လည်း နဖူးနှင့် မေးစေ့တို့၌ ပေါက်ပြဲဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သဖြင့် လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
#MeKongNews
#အောင်ပန်းမြို့
#တရုတ်
#ယာဉ်တိုက်မှု
#အကင်ဆိုင်








