မဲခေါင်၊ မေ ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်းရှိ ကျားဖြန့်ရုံ ၂ ခုကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ယမန်နေ့ မေ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့အား ကျားဖြန့်တွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၅၅ လုံး၊ ကွန်ပျူတာအလုံး ၃၀ ၊ တရုတ်ငွေ ယွမ်တစ်သောင်း၊ မြန်မာငွေ ၁၀ သိန်းကျပ် စသည်တို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့ပြင် ညနေ ၅ နာရီခန့်တွင်လည်း စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင်ပင် ကျားဖြန့်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ ကွန်ပျူတာတစ်လုံး၊ ဝိုင်ဖိုင်စက် ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည် စစ်ကောင်စီကထုတ်ပြန်သည်။
သို့သော် မူဆယ်တွင် ကျားဖြန့်ရုံကြီးများစွာရှိသော်လည်း ယခုရုံအသေးစား ၂ ခုကိုသာ ဝင်ရောက် ဖမ်းဆီးခြင်းသည် ဆက်ကြေး ပုံမှန်မပေးသဖြင့် ရက် ၁၀၀ စီမံကိန်းနှင့် ရောကာ ဝင်ရောက် ဖမ်းဆီးပြခြင်းသာ ဖြစ်သည်ဟု မူဆယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“အခုဖမ်းတာက အပြဖမ်းတာပဲ။ ကျားဖြန့်ကို ဖမ်းမိပြီ ရှင်းပစ်လိုက်ပြီ ဆိုတာကိုပြဖို့ ရက် ၁၀၀ စီမံကိန်းနဲ့ အဖမ်းပြနေရတဲ့ အချိန်လေ။ ဒီအချိန်မှာ ပုံမှန်ဆက်ကြေး မဆောင်နိုင်တဲ့ ရုံအသေးလေးတွေ ကာဗာမတောင့်တဲ့ ရုံလေးတွေကတော့ ပါမှာပဲ။ ရုံအကြီးတွေက အေးအေးဆေး ဆေးပဲ ရှိနေတယ်။ တကယ်ဖမ်းမယ်ဆို ဆက်ကြေးပေးနေတဲ့ စာရင်းကနေတောင် အကုန်ဖမ်းလို့ ရပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစားရုံ ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံအကြီး ၃၉ ရုံ၊ အသေး ၅၉ ရုံ၊ တရားမဝင် အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိပြီး တစ်လလျှင် ကျားဖြန့်ရုံကြီး သိန်း၂၀၀ ၊ ရုံအသေး သိန်း ၆၀ မှ သိန်း ၁၀၀ ထိ လစဉ်လကုန်ပြီး ၅ ရက်အတွင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့များထံ ဆက်ကြေးပေးရသည်။
ယင်းတရားမဝင်လုပ်ငန်းများမှ လစဥ်ရရှိသည့် ဆက်ကြေးငွေများသည် သိန်းတစ်သောင်းခွဲကျော်ရှိပြီး ယင်းတို့အနက် ပြည်နယ်ရဲချုပ်အား လစဉ် သိန်းတစ်ထောင် ပို့ပေးရသည်ကိုလည်း မဲခေါင်သတင်းဌာနက စုံစမ်းဖော်ပြထားပြီး ဖြစ်သည်။
မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များစွာရှိပြီး မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ များပြားလွန်းသဖြင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသည်။.
#MeKongNews
#မူဆယ်
#ကျားဖြန့်ရုံ
#စစ်ကောင်စီ
#အဖမ်းပြ








