မဲခေါင်၊ မေ ၁၆
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲတွင် အမှတ် (၂၁၁၂)တပ်ရင်း ရဲဘော်တစ်ဦး တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည်ဟု ကယန်းအမျိုးသားတပ်မတော် – KNA က သတင်းထုတ်ပြန်သည်။
KNA အမှတ် (၂၁၁၂) တပ်ရင်းမှ ရဲဘော် ခွန်းဣဇက်ထူး သည် မေ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဒေါငံခါး တိုက်ပွဲအတွင်း ကျဆုံးသွားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒေါငံခါးမှာ တော်လှန်တိုက်ပွဲဝင်ရင်း ရန်သူရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ထိခိုက် ကျဆုံးသွားတာပါ”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီ နှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူအပါအဝင် ကယန်းအမျိုးသားများအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည့် ရဲဘော် ခွန်းဣဇက်ထူး၏ ဈာပနအခမ်းအနားကိုလည်း ယမန်နေ့ မေ ၁၅ ရက်တွင် ကယန်းဒေသတစ်နေရာ၌ ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
KNAကို ၂၀၂၄ ခုနှစ် အောက်တိုဘာ၂၉ ရက်တွင် ကယန်းဒေသတွင်း ပြန့်ကျဲနေသည့် တော်လှန်ရေးတပ်ဖွဲ့များကို စုစည်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းချိန်မှ လက်ရှိအချိန်ထိ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမော့ဆိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည်။
#MeKongNews
#ဒေါငံခါးတိုက်ပွဲတွင်
#KNA
#ရဲဘော်တစ်ဦး
#ကျဆုံး








