မဲခေါင်၊ မေ ၁၅
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တိုက်ပွဲကျန်မိုင်း ပေါက်ကွဲသဖြင့် ပြည်သူတစ်ဦး လက်တစ်ဖက်ပြတ်ထွက်သည့်အထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုမြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၁၂ ရက်၌ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးသည် ၎င်း၏ နေအိမ်အတွင်း ပုဆိန်ဖြင့် ထင်းခွဲရာ ထင်းပုံအောက်ရှိ မိုင်းကို ပေါက်မိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
“ထင်းပုံမှာ ထင်းခွဲနေတာ ထင်းပုံထဲမှာရှိတဲ့ မိုင်းကိုပေါက်မိပြီး ပေါက်ကွဲသွားတာလို့ ပြောတယ်ဗျ။ လက်ရော ခြေထောက်တွေရော ထိတယ်။ လက်တစ်ဖက်ကတော့ ဖြတ်လိုက်ရတယ်။ အခုတော့ ဆေးရုံမှာ ဆေးကုသနေရတုန်းပဲ”ဟု ဖြစ်စဉ်ကို သိရှိသည့် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ထက်ကိုအောင် ဆိုသူဖြစ်ပြီး လက်ရှိတွင် ပြင်ဦးလွင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်ဟုလည်း သိရသည်။
နောင်ချိုမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သဖြင့် လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းအကြွင်း အကျန်များကို ဒေသခံများက မကြာခဏ နင်းမိလျက်ရှိသည်။
မဲခေါင်သတင်းဌာနမှ လက်လှမ်းမှီသမျှ ပြုစုထားသည့် စာရင်းအရ ယခုနှစ် ၄ လကျော်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲကျန် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ် ၆ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။
#MeKongNews
#နောင်ချို
#စစ်ကျန်မိုင်း
#ပေါက်ကွဲ
#ပြင်းထန်ဒဏ်ရာ








