မဲခေါင်၊ မေ ၁၃
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့၊ နောင်ခိုက်ရပ်ကွက်၌ နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားသည် ဈေးမှအပြန် ၎င်း၏ နေအိမ်ရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
“အဲဒီနားမှာ Top ဘော်ဒါဆောင်နဲ့ ရွှေကမ္ဘာဟိုတယ် ရှိတယ်။ သေနတ်ပစ်ခံရတယ်လို့ သတင်းကြားပြီး ဆေးရုံကားတွေလည်း သွားတာ တွေ့ရတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ၏ ပြောပြချက်အရ ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း ကျိုင်းတုံဈေးအပေါ်ဘက် ဟွေဟရွာဘက်၌ ဖုန်းနှင့် ငွေများ အလုခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့) က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သဖြင့် ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျိုင်းတုံမြို့၌ ခိုးယူမှု၊ လုယက်မှုများ ပိုမိုဖြစ်ပွားလာနေပြီး ယခုအခါ လူသတ်လုယက်သည့်အဆင့်အထိ အခြေအနေများ ဆိုးရွားလာနေပြီဖြစ်ကြောင်း ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။
#MeKongNews
#ကျိုင်းတုံ
#သေနတ်ပစ်မှု
#ရွှေဆိုင်ပိုင်ရှင်
#နောင်ခိုက်ရပ်ကွက်








