မဲခေါင်၊ မေ ၆
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ တောင်မဲသင်းနှင့် နန်းနိန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ PNO – ပြည်သူ့စစ်ဘက်မှ မေ ၄ ရက်နှင့် ၅ ရက်တို့တွင် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ နေရပ်စွန့်ခွာခဲ့ရသည့် ရွာသားများ နေရပ်သို့ မကြာသေးမီက ပြန်လည်ဝင်ရောက် နေထိုင်လာကြသော်လည်း ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပေါ်လာခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ထပ်မံ ကြုံတွေ့နေရကြောင်း သိရသည်။
“ရွာကို ပြန်လာတာ မကြာသေးဘူး။ အခု တိုက်ပွဲလည်း မရှိဘဲ လက်နက်ကြီးတွေ ပစ်နေတော့ ပြန်ပြီး ကြောက်နေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများအဆိုအရ လက်နက်ကြီး ပစ်ခတ်သံများကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ရွာသားများမှာ နေ့စဉ် စိုးရိမ်ထိတ်လန့်နေရပြီး လုပ်ငန်းခွင်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
“အခြေအနေ တည်ငြိမ်လာပြီထင်ပြီး ပြန်လာတာ။ အခုလို ထပ်ဖြစ်တော့ ဘယ်အချိန် ပြန်ရှောင်ရမလဲဆိုပြီး ရွာသားတွေ စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အခြေအနေတွင် လက်နက်ကြီး ပစ်ခတ်မှုများ ရပ်တန့်ပေးရန်နှင့် အရပ်သားများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပေးရန် ဒေသခံများက တောင်းဆိုထားသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ယခုတစ်ပတ်အတွင်း PNO နှင့် စစ်ကောင်စီတပ်ဖွဲ့များက မိုးဗြဲဒေသဘက်သို့ စစ်ကြောင်းထိုးနိုင်ရန် ရည်ရွယ်ကာ လူအင်အား ၃၀၀ ကျော်ဖြင့် စုဝေးလှုပ်ရှားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းကဲ့သို့ တပ်အင်အားများ စုစည်းနေမှုကြောင့် ပင်လောင်း – မိုးဗြဲအစပ် ဒေသများတွင် စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်ခြေ ရှိကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။
#MeKongNews
#ပင်လောင်း
#PNO
#လက်နက်ကြီး
#ပစ်ခတ်
ဓာတ်ပုံ-ပုံဟောင်း








