မဲခေါင်၊ မေ ၆
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့တွင် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးပိုင်းကိစ္စများကို Tiktok တွင်တင်သူ သာသနာရေးဌာနဝန်ထမ်း ပြီးခဲ့သည့်လအတွင်းက အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။
မူဆယ်မြို့ သာသနာရေးဦးစီးဌာနမှ၊ ဒုဦးစီးမှူးဖြစ်သူ ဦးရွှေဇော်ဦးဆိုသည် ‘မူဆယ်သား’ အမည်ဖြင့် Tiktok တွင် မူဆယ်မှ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးပိုင်းကိစ္စများကို မဟုတ်မမှန် သတင်းတုသတင်းမှားများ တင်သည်ဟုဆိုကာ ဖမ်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“သူက အုပ်ကြီးတို့၊ ဌာနဆိုင်ရာက ကိစ္စတွေကို Tiktok ပေါ်က တိုက်ခိုက်တယ်ဆိုပြီး ဖမ်းတာပါ။ ရှေ့က မြန်မာ့အလင်းသတင်းထောက် ဆရာမောင်နဲ့လည်း ဆက်စပ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြောသည့် မြန်မာ့အလင်းသတင်းထောက် ဆရာမောင်ဆိုသူမှာ ယခင်နှစ်များက သေနတ်ဖြင့် တစ်စုံတဦးက ချောင်းမြောင်း ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရဖူးပြီး Tiktok တွင် ‘ခင်ခင်ကြီး’ အမည်ဖြင့် မူဆယ်တွင်းကိစ္စများကို ရေးသားရာမှ သတင်းတု၊ သတင်းမှားတင်မှုဖြင့် ဖမ်းဆီးရာတွင် သေနတ်အတိုတစ်လက်ကိုပါ ရှာဖွေ သိမ်းဆည်းမိခဲ့သူ ဖြစ်ကြောင်း သိရသည်။
“ဆရာမောင်နဲ့ ရွှေဇော်ဦးတို့ ဆက်စပ်တာကို ဖော်ထုတ်ရတယ်လို့လည်း ပြောကြတယ်။ ခုတော့ တစ်မှုစီလား အမှုတွဲလားမသိပါဘူး”ဟု ဟူမွန်ရပ်နေသူတစ်ဦးက ပြောသည်။
ဦးရွှေဇော်ဦးမှာ ဟိုမွန်ရပ်အုပ်ချုပ်ရေးမှူးဖြစ်သူ စိုင်းစောလူ၏ လာဘ်ပေးလာဘ်ယူမှုများကို Tiktok တွင် တင်ထားသည်ကို တွေ့ရသည်။
လက်ရှိတွင် ဦးရွှေဇော်ဦးနှင့် ဆရာမောင်တို့ ၂ ဦးကို မူဆယ်အချုပ်တွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။
#MeKongNews
#မူဆယ်
#ဌာနဆိုင်ရာ
#Tlktok
#သာသနာရေးဌာနဝန်ထမ်း








