မဲခေါင်၊ ဧပြီ ၂၄
ကရင်နီပြည်နယ်၊ မြို့တော် လွိုင်ကော်တွင် ဧပြီလအတွင်း လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခုကဲ့သို့ ဖမ်းဆီးမှုများမှာ သင်္ကြန်မတိုင်မီ လူငယ် ၃ ဦးနှင့် သင်္ကြန်ပြီး နှစ်ဆန်း ၂ ရက်နေ့တွင် လူငယ် ၂ ဦးကို ဆက်တိုက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအစောပိုင်း နေ့လယ်ပိုင်းတွင် မော်ချီးမှ လွိုင်ကော်သို့ လာရောက်သည့် လူငယ် ၃ ဦးကို လွိုင်ကော်မြို့၊ ကြည်သာယာရပ်ကွက်အတွင်း စစ်သားများက မသင်္ကာ၍ ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီ ၁၈ ရက် နှစ်ဆန်း ၂ ရက်နေ့တွင် နမ့်ဘော်ဝမ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ဂိမ်းဆော့နေသော အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို စစ်ကောင်စီက အိမ်စီးကားတစ်စီးဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်ရွေးခဲ့ရကြောင်း နီးစပ်သူများက ပြောသည်။
“ဖမ်းသွားတဲ့အချိန် ဘာအကြောင်းပြချက်မှ မရှင်းဘူး။ နောက်မှ ငွေပေးရမယ်ဆိုပြီး ပြောလာတာ။ မပေးနိုင်ရင် ဘယ်လိုဖြစ်မလဲဆိုတာ မသိတော့ မိသားစုတွေက စိုးရိမ်ပြီး အမြန်ဆုံး ငွေရှာပြီး သွားရွေးရတာပါ” ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က လူငယ်များကို မတရားဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ မကြာခဏ ပြုလုပ်နေပြီး သင်္ကြန်ကာလအတွင်း ရန်ဖြစ်ခဲ့သည့် လူငယ်များကိုလည်း လက်အောက်ခံ ပျူစောထီးအဖွဲ့များက နေအိမ်အထိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် လွိုင်ကော်မြို့တွင် စစ်တပ်က စစ်မှုထမ်းခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် နေရပ်ပြန်အချို့ ထပ်မံ စစ်ရှောင်ရကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#လွိုင်ကော်
#လူငယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးငွေညှစ်








